ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မတ်ဒူရိုက ၎င်းကို ဖောက်ခွဲရေးပစ္စည်း တပ်ဆင်ထားတဲ့ ဒရုန်းများလွှတ်ပြီး လုပ်ကြံသတ်ဖြတ်ခဲ့ပေမဲ့ အသက်ဘေးမှလွတ်မြောက်ခဲ့ကြောင်း ပြောပါတယ်။
ဒရုန်းပျံသန်းလာမှုုကို မော့ကြည့်ခဲ့သည့် မတ်ဒူရို (Photo: Reuters)
သမ္မတမတ်ဒူရိုက ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်မှာ ကျင်းပပြုလုပ်တဲ့ စစ်ဘက်ဆိုင်ရာ အခမ်းအနားတစ်ခုမှာ မိန့်ခွန်းပြောကြားနေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တဲ့ ရုပ်မြင်သံကြားမှတ်တမ်းအရ မတ်ဒူရိုက မိန့်ခွန်းပြောနေစဉ် ရုတ်တရက် အပေါ်ဘက်ကိုမော့ကြည့်ပြီး အထိတ်တန့်ဖြစ်သွားခဲ့မှုနဲ့ စစ်သားများ ပြေးလွှားနေမှုကို တွေ့ခဲ့ရပါတယ်။
ကိုယ်ရံတော်များက ကျည်ကာဒိုင်းများဖြင့် ကာကွယ်ပေးနေစဉ် (Photo: Xinhua)
ယခုတိုက်ခိုက်မှုအတွက် ဗင်နီဇွဲလားသမ္မတ မတ်ဒူရိုက လက်ယာစွန်းရောက်တွေနဲ့ ကိုလံဘီယာနိုင်ငံရဲ့ လက်ချက်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ကိုလံဘီယာအစိုးရကတော့ မတ်ဒူရိုရဲ့ ပြောဆိုမှုဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုသာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း စစ်သားခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ လူအချို့ကို ဖမ်းဆီးခဲ့ကြောင်း ဗင်နီဇွဲလား အာဏာပိုင်တွေက ပြောပါတယ်။
ဒဏ်ရာရခဲ့သည့် စစ်သားတစ်ဦး (Photo: Aljazeera)
ယမန်နေ့ (သြဂုတ် ၄ ရက်) က ကာရာကက်စ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဗင်နီဇွဲလားတပ်မတော် ဖွဲ့စည်းတည်ထောင်မှု ၈၁ နှစ်မြောက် အခမ်းအနားမှာ သမ္မတမတ်ဒူရို မိန့်ခွန်းပြောကြားနေစဉ် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ ဒရုန်းနှစ်ခုက သမ္မတမတ်ဒူရို မိန့်ခွန်းပြောကြားနေတဲ့ စင်မြင့်ဆီသို့ ဦးတည်ချဉ်းကပ်လာခဲ့ကြောင်း ဆက်သွယ်ရေးဝန်ကြီး ဂျော်ဂီရိုဒရီဂွက်ဇ်က ပြောပါတယ်။
စစ်ဘက်ဆိုင်ရာ အခမ်းအနားမှာ တွေ့ရသည့် မတ်ဒူရို (Photo: Xinhua)
မတ်ဒူရိုကလည်း "ပျံသန်းလာတဲ့ အရာဝတ္ထုတစ်ခုက ကျွန်တော့်အနီးမှာ ပေါက်ကွဲခဲ့ပါတယ်၊ ကြီးမားတဲ့ ပေါက်ကွဲမှုပါ၊ စက္ကန့်ပိုင်းလောက် ကြာပြီးတော့ ဒုတိယအကြိမ် ပေါက်ကွဲမှု ထပ်ဖြစ်ခဲ့ပါတယ်" လို့ တိုက်ခိုက်မှုဖြစ်ပြီးနောက် နိုင်ငံတော်မိန့်ခွန်းတစ်ရပ်မှာ ပြောကြားခဲ့ပါတယ်။
ဒရုန်းဖြင့်တိုက်ခိုက်မှုဖြစ်ပြီးနောက် ကိုယ်ရံတော်တွေက သမ္မတမတ်ဒူရိုကို ကျည်ကာ ဒိုင်းများဖြင့် အကာအကွယ်ပေးနေတဲ့ပုံတွေကို ဆိုရှယ်မီဒီယာမှာ တွေ့ခဲ့ရပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ စီးပွားရေးချွတ်ခြုံကျမှုနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေလည်း ဖြစ်ပေါ်နေခဲ့ပါတယ်။
ဒရုန်းဖြင့်တိုက်ခိုက်မှုဖြစ်ပြီးနောက် အဆောက်အအုံ ပြတင်းပေါက်များ ပျက်စီးနေမှု (Photo: AFP/Getty Images)
သမ္မတမတ်ဒူရိုအစိုးရကို ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေခဲ့ပေမဲ့လည်း ယခုနှစ် မေလအတွင်း ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ၎င်းက အငြင်းပွားဖွယ် အနိုင်ရခဲ့ပြီး နောက်ထပ်ခြောက်နှစ် သမ္မတသက်တမ်းအတွက် ပြန်လည်ရွေးကောက်ခံခဲ့ရပါတယ်။
အဆိုပါ ရွေးကောက်ပွဲကို သမ္မတရွေးကောက်ပွဲကို အတိုက်အခံအုပ်စုက သပိတ်မှောက်ခဲ့ပြီး မဲလိမ်လည်မှုတွေရှိခဲ့ကြောင်း ပြောဆိုခဲ့ကာ ရွေးကောက်ပွဲအသစ် ပြန်လည်ပြုလုပ်ရန် တောင်းဆိုခဲ့ကြပါတယ်။