နေပူထဲမှာထိုင်ခိုင်းထားခြင်းတို့အပြင် ရိုက်နှက်ခြင်းဖြင့်ပင် လုံခြုံရေးတပ်ဖွဲ့က အပြစ်ပေးမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ COVID-19 ကူးစက်မှု ထိန်းချုပ်ကာကွယ်ရေး အစီအမံတွေကို မလိုက်နာသူများအား ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခိုင်းခြင်း၊ နေပူထဲမှာထိုင်ခိုင်းထားခြင်းတို့အပြင် ရိုက်နှက်ခြင်းဖြင့်ပင် လုံခြုံရေးတပ်ဖွဲ့က အပြစ်ပေးမှုတွေရှိနေတယ်လို့ မျက်မြင်သက်သေတွေနဲ့ လူအခွင့်အခွင့်အရေးအုပ်စုတွေက ပြောပါတယ်။

(Photo: Reuters)

ကာရာကက်စ်မြို့တော်မှာ ရောဘတ်တိုဗားဂက်စ်ဆိုသူဟာ ကြာသပတေးနေ့ (ဩဂုတ် ၆ ရက်) က ၎င်းရဲ့ကလေးတွေနဲ့အတူ ဂျုံမုန့်ဝယ်ရန်သွားနေစဥ် ချွေးသုတ်ရန်အတွက် mask ကို မျက်နှာကနေအောက်ဘက်သို့ ဆွဲချထားခဲ့တယ်လို့ ဆိုပါတယ်။ ထိုသို့ mask ကို မျက်နှာအောက်ဘက်သို့ ဆွဲချထားမှုအား အစောင့်တပ်ဖွဲ့အရာရှိတစ်ဦးက သတိပြုမိသွားပြီး‌နောက် ၎င်းကို လမ်းဘေးမှာ အခြား လူတွေနဲ့အတူ မိနစ် ၅၀ ကြာ ထိုင်ခိုင်းထားခဲ့တယ်လို့ ဆောက်လုပ်ရေးအလုပ်သမား ရောဘတ်တိုက ပြောပါတယ်။



"ဒါက ရူးနေတာပါပဲဗျာ" လို့ ရောဘတ်တိုက ၎င်းရဲ့ပြစ်ဒဏ်ပြီးဆုံးခဲ့ပြီးနောက် ကာရာကက်စ်မြို့ရဲ့ Petare ဆင်းရဲသားရပ်ကွက်မှာ Reuters သတင်းဌာနကို ဖွင့်ဟခဲ့ပါတယ်။ အာဏာပိုင်တွေက ထိုကဲ့သို့ အပြစ်ပေးမှုတွေကို ကုန်စုံဆိုင်မှာ ဈေးဝယ်ရန် တန်းမစီခြင်းမှ ကာဖျူးအမိန့် မလိုက်နာခြင်းအထိ စည်းမျဥ်းစည်းကမ်း မလိုက်နာမှုများအတွက် နိုင်ငံတစ်ဝန်း လုပ်ဆောင်နေကြောင်း ဒေသခံ လူ့အခွင့်အရေးအုပ်စုများက ပြောပါတယ်။

(Photo: Reuters)

ဗင်နီဇွဲလား လူ့အခွင့်အရေးအုပ်စု Provea က ဇူလိုင် ၃၁ ရက်နေ့မှာ လွှင်တင်ခဲ့တဲ့ Twitter ဗီဒီယိုတစ်ခုမှာတော့ နိုင်ငံအနောက်ပိုင်း Tachira မှာ စစ်သားများက လူငယ်သုံးဦးက "ကျွန်တော် လမ်းပေါ်မှာ မရှိသင့်ပါဘူး" လို့ ပြောရင်း ဒိုက်ထိုးခိုင်းခဲ့တာ တွေ့ခဲ့ရပါတယ်။ အချို့ဖြစ်ရပ်တွေမှာတော့ လုံခြုံရေးတပ်ဖွဲ့က ရိုက်နှက်မှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၂ ရက်နေ့မှာ လွှင့်တင်ခဲ့တဲ့ နောက်ထပ် Twitter ဗီဒီယိုတစ်ခုအရ COVID-19 စည်းမျဥ်းစည်းကမ်း ချိုးဖောက်တဲ့ အမျိုးသားသုံးဦးရဲ့ ခြေထောက်တွေကို ဘေ့စ်ဘောတုတ်ဖြင့် ရိုက်ခဲ့တာတွေ့ရပါတယ်။ ဗင်နီဇွဲလား ပြန်ကြားရေးဝန်ကြီးဌာနကတော့ ယခုဗီဒီယိုတွေနဲ့ ပတ်သက်ပြီး Reuters သတင်းဌာနရဲ့ မှတ်ချက်ပေးရန် တောင်းခံမှုကို တုံ့ပြန်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ ထိုဗီဒီယိုများကို သီးခြား အတည်ပြုနိုင်ခြင်း မရှိကြောင်း Reuters က ပြောပါတယ်။

(Photo: Reuters)

စီးပွားရေးကျဆင်းမှု ဆိုးရွားစွာကြုံနေခဲ့ရတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၂၄,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၀၈ ဦးရှိခဲ့ပါတယ်။ သို့သော် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေကတော့ လက်တင်အမေရိကနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလားမှာ စစ်ဆေးမှု မလုံလောက်ဘဲ အမှန်တစ်ကယ် ကူးစက်မှုနဲ့ သေဆုံးမှု အရေအတွက်ဟာ တရားဝင် ထုတ်ပြန်ထားတာထက် များစွာပိုနိုင်ကြောင်း ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က