ရုရှားလေကြောင်းလိုင်း NordStar ရဲ့ Boeing 737-800 ခရီးသည်တင်လေယာဉ်တစ်စီး နှင်းမုန်တိုင်းကျနေစဉ် Norilsk မြို့မှာ ဆင်းသက်ခဲ့ရာ ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါ လေကြောင်းလိုင်းက ပြောပါတယ်။
(နှင်းမုန်တိုင်းကျနေစဉ် ပြေးလမ်းချော်ခဲ့သည့် လေယာဉ်) (Photo: AirportHaber)
ယနေ့ (မေ ၆ ရက်) ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပြေးလမ်းချော်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်းလည်း NordStar လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။ ပြေးလမ်းချော်သွားခဲ့တဲ့ လေယာဉ်ပေါ်မှာ ခရီးသည် ၁၀၁ ဦးနဲ့ လေယာဉ်အမှုထမ်း ၆ ဦးပါရှိကြောင်း Reuters သိရပါတယ်။ ရာသီဥတု ဆိုးရွားမှုကြောင့် လေယာဉ်ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ရတယ်လို့ လေကြောင်းလိုင်းက ပြောခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။
ယခုဖြစ်ရပ်ဟာ ရက်ပိုင်းအတွင်း Boeing 737 ခရီးသည်တင်လေယာဉ်တစ်စီး ပြေးလမ်းချော်မှု ဒုတိယအကြိမ် ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ သောကြာနေ့ (မေ ၃ ရက်) ညပိုင်းကလည်း အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ လူ ၁၄၃ ဦး လိုက်ပါလာတဲ့ Miami Air International လေကြောင်းလိုင်းမှ Boeing 737 ခရီးသည်တင်လေယာဉ်တစ်စီး မိုးသက်မုန်တိုင်းကျနေစဉ် ဆင်းသက်ရန်ခဲ့ရာမှ ပြေးလမ်းချော်ပြီး မြစ်အတွင်းရောက်ရှိသွားခဲ့ပါတယ်။
(ရုရှားနိုင်ငံ Norilsk မြို့ လေဆိပ်မြင်ကွင်း) (Photo:Maxim Blinov/RIA News)
ထိုဖြစ်ရပ်ကြောင့် လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ၂၁ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။ အမေရိကန် စုံစမ်းစစ်ဆေးရေးမှူးတွေကတော့ ဖလော်ရီဒါမှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပြေးလမ်းချော်မှု ဖြစ်ပွားရတဲ့အကြောင်းရင်းကို စနေနေ့ (မေ ၄ ရက်) မှစပြီး စုံစမ်းစစ်ဆေးနေပြီလို့ ဆိုပါတယ်။ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ တွေ့ရှိချက်အရ ပြေးလမ်းချော်ပြီး မြစ်ထဲရောက်သွားခဲ့တဲ့ Boeing 737 လေယာဉ်ဟာ ဆင်းသက်စနစ် အလုပ်မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။
လတ်တလော ရက်ပိုင်းအတွင်း လေယာဉ်မတော်တဆမှုအဖြစ် ယမန်နေ့ (မေ ၅ ရက်) ကလည်း ရုရှားနိုင်ငံ မော်စကိုမြို့ Sheremetyevo လေဆိပ်မှာ အရေးပေါ်ဆင်းသက်တဲ့ လေယာဉ်တစ်စီး မီးလောင်ပျက်ကျမှုဖြစ်ပြီး လူ ၄၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။