ပရိသတ်တွေကတော့ ရီးရဲလ်မက်ဒရစ်နဲ့လီဗာပူးတို့ ထိပ်တိုက်တွေ့မယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် အခုတည်းက စိတ်လှုပ်ရှားနေကြပြီဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ (၂၀၁၈) တုန်းကလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ခဲ့ဖူးပြီး အဲ့ဒီအချိန်က ရီးရဲလ်မက်ဒရစ်က လီဗာပူးကို အနိုင်ယူ ဗိုလ်စွဲခဲ့ဖူးပါတယ်။
မနေ့ညက ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးကို အိမ်ကွင်းမှာ ၃-၁ ဂိုးနဲ့ အနိုင်ယူကာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီပွဲအပြီး ရီးရဲလ်မက်ဒရစ် အသင်းသားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေ ကွင်းအတွင်း အောင်ပွဲခံချိန်မှာ ဂါရတ်ဘေးလ်ကို မြင်တွေ့ခဲ့ရခြင်း မရှိပါဘူး။ ဂါရတ်ဘေးလ်ဟာ နောက်ကျောဒဏ်ရာပြဿနာရှိနေတာပါ။
ပြီးခဲ့တဲ့စနေညက ရီးရဲလ်မက်ဒရစ်တို့ လာလီဂါချန်ပီယံဆုကို လက်ခံရယူ အောင်ပွဲခံချိန်မှာလည်း ဂါရတ်ဘေးလ်ကို ဘာနေဗျူးကွင်းအတွင်း လုံးဝမမြင်တွေ့ခဲ့ရပါဘူး။ ဒါ့အပြင် မက်ဒရစ်မြို့တွင်း လှည့်လည်အောင်ပွဲခံချိန်မှာလည်း ဂါရတ်ဘေးလ်က ပါဝင်ခဲ့ခြင်းမရှိပါဘူး။ ဒါဟာ ဒဏ်ရာပြဿနာကြောင့်ဖြစ်တယ်လို့ ဂါရတ်ဘေးလ်က တွစ်တာမှာ ဖြေရှင်းထားပါတယ်။
အခုတခါမှာလည်း ဂါရတ်ဘေးလ်ကို မြင်တွေ့ရခြင်းမရှိတာကြောင့် ပရိသတ်အချို့က ဝေဖန်နေကြသလို လီဗာပူးကိုလည်း နောက်ပြောင်ခြောက်လှန့်နေခဲ့ကြပါတယ်။ (၂၀၁၈) ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်က လီဗာပူးကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဂါရတ်ဘေးလ်က အသင်းအတွက် နှစ်ဂိုးကို လူစားဝင်ပြီး သွင်းယူပေးခဲ့တာပါ။
တဂိုးစီသရေကျနေချိန် ပွဲကစားချိန် (၆၁) မိနစ်မှ လူစားဝင်လာတဲ့ ဂါရတ်ဘေးလ်က နောက်ပြန်ကန်ချက်နဲ့ ဦးဆောင်ဂိုး၊ အနိုင်သေချာစေမယ့်ဂိုးကို အဝေးကနေ အပြင်းကန်ချက်နဲ့ ကာရီးယပ်စ်ရဲ့အမှားကတဆင့် တဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ဂါရတ်ဘေးလ်က လီဗာပူးနဲ့ပွဲမှ မထင်မှတ်ဘဲ ရုတ်တရက်ပြန်ပေါ်လာနိုင်တယ်လို့ နောက်ပြောင်နေကြတာဖြစ်ပါတယ်။
ပရိသတ်တွေက “ရီးရဲလ်မက်ဒရစ်က လီဗာပူးနဲ့ တွေ့ရတော့မယ့်အချိန်မှာ ဂါရတ်ဘေးလ်က Undertaker လိုမျိုး ပြန်ပေါ်လာဦးမှာပါ” “ဂါရတ်ဘေးလ်က လီဗာပူးနဲ့ပွဲကျ သေချာပေါက်ပြန်ပေါ်လာပါလိမ့်မယ်” “ဂါရတ်ဘေးလ်က လီဗာပူးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရင်ဆိုင်ဖို့ တရာသီလုံး အနားယူခဲ့တာပါ” လို့ အမျိုးမျိုး နောက်ပြောင်ခြောက်လှန့်နေခဲ့ကြတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် “ဘေးလ်က သူအလိုရှိတဲ့အချိန်ဆို တိရစ္ဆာန်တကောင်လိုဖြစ်သွားတာပါ။ ဂိုးသမား ဘယ်သူလဲ သူဂရုမစိုက်ပါဘူး” “သူက မိနစ် (၈၀) လောက်မှ ဝင်လာပြီး လီဗာပူးဘက်ကို ဟက်ထရစ်သွင်းပါလိမ်ယ်” လို့လည်း ရေးသားနေကြပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့လီဗာပူးတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မေ (၂၈) ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကစားသွားမှာပါ။