ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပြန်လည်ကစားခိုင်းဖို့ ဖီဖာကို တောင်းဆိုနေတဲ့ ပြင်သစ်ပရိသတ်တွေကို တုံ့ပြန်တဲ့အနေနဲ့ လက်မှတ်ထိုးတောင်းဆိုမှုတစ်ခု ထွက်ပေါ်လာပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဂျင်တီးနားနဲ့ ပြင်သစ်တို့ ကစားခဲ့ကြတဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပြန်လည်ကစားခိုင်းဖို့ ဖီဖာကို တောင်းဆိုတဲ့ လက်မှတ်ထိုးတောင်းဆိုမှုကို မကျေမနပ်ဖြစ်နေတဲ့ ပရိသတ်၂ သိန်းကျော်က ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ လက်မှတ်ထိုးတောင်းဆိုရတဲ့အကြောင်းအရင်းမှာ ပထမပိုင်းက အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ သွင်းယူခဲ့တဲ့ ပင်နယ်တီကို ပေးအပ်ခဲ့တာက မမျှတဘဲ ဒီမာရီယာရဲ့ သွင်းဂိုးမှာလည်း တိုက်စစ်စချိန်မှာ အမ်ဘာပေက ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရတယ်လို့ ရေးသားထားတာဖြစ်ပါတယ်။
ပြင်သစ်နဲ့ အာဂျင်တီးနားတို့ပွဲစဉ် ပြန်လည်ကစားစေဖို့ လက်မှတ်ထိုးတောင်းဆိုမှုမှာ "သမာသမတ်ကျမှုက လုံးဝကို ရောင်းစားခံခဲ့ရတယ်။ ဘယ်တုန်းကမှ ပင်နယ်တီ မရှိခဲ့ဘဲ ဒုတိယမြောက်ဂိုးမှာလည်း အမ်ဘာပေအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်။ ဗိုလ်လုပွဲ ပြန်လည်ကစားစေဖို့အတွက် လက်မှတ်ထိုးပြီး သတင်းစကားမျှဝေပေးကြပါ"လို့ ရေးသားထားတာဖြစ်ပါတယ်။ အာဂျင်တီးနားပရိသတ်တွေကလည်း အားကျမခံဘဲ ပြင်သစ်ပရိသတ်တွေကို ထိမိတဲ့ တုံ့ပြန်မှုဖြစ်လာမယ့် လက်မှတ်ထိုးတောင်းဆိုမှုတစ်ခုကို ဖန်တီးခဲ့ပြီး လက်မှတ်ထိုးတောင်းဆိုမှုရဲ့ခေါင်းစဉ်ကို 'ပြင်သစ် ငိုတာ တိတ်လိုက်တော့'လို့ ပေးထားပြီး လက်မှတ်ထိုးတောင်းဆိုသူ နှစ်သိန်းခွဲနီးပါးရှိနေပြီဖြစ်ပါတယ်။
ဖော်ပြချက်မှာ အမ်ဘာပေကို အညှာအတာကင်းကင်း ပြစ်တင်ဝေဖန်ခဲ့ပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲဝေဒနာကြောင့် ပြင်သစ်တွေကို ငိုကြွေးနေတာ ရပ်တန့်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ "ကျွန်တော်တို့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအနိုင်ရရှိပြီးကတည်းက ပြင်သစ်တွေက ငိုတာ မရပ်တန့်နိုင်ခဲ့ဘူး။ အာဂျင်တီးနားက ကမ္ဘာ့ချန်ပီယံဆိုတာကို လက်မခံဘဲ စောဒကတက်ခဲ့ကြတယ်။ ဒီလက်မှတ်ထိုးတောင်းဆိုမှုက ပြင်သစ်တွေကို ငိုတာရပ်ပြီး မက်ဆီက ဘောလုံးသမိုင်းမှာ အကောင်းဆုံးကစားသမားဆိုတာနဲ့ အမ်ဘာပေက မက်ဆီရဲ့ သားပေါက်လေးဆိုတာကို လက်ခံဖို့ပါ"လို့ ရေးသားထားတာဖြစ်ပါတယ်။