အင်တာမီလန်ကတော့ မနေ့ညက ကစားခဲ့တဲ့ ကိုပါအီတလီယာဖလား ဗိုလ်လုပွဲမှာ ဖီအိုရင်တီးနားကို အနိုင်ကစားခဲ့ပြီး သူတို့ရဲ့ သမိုင်းတစ်လျှောက် (၉) ကြိမ်မြောက် ကိုပါအီတလီယာဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရလဒ်က အင်တာမီလန်အတွက် တော်တော်လေး အကျိုးရှိစေခဲ့တယ်လို့ ပြောရမှာပါ။
အင်တာမီလန်ဟာ ဒီပွဲမှာ လူကာကူ၊ မီခီတာရန်တို့ကို အရန်ခုံမှာပဲထားခဲ့ပြီး မာတီနက်ဇ်၊ ဂျက်ကိုတို့က တိုက်စစ်ကို ဦးဆောင်ခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ဘရိုဇိုဗစ်၊ ချာဟာနိုဂလူး၊ ဘာရီလာတို့ ပါဝင်ခဲ့ပြီး ဒါမီယန်၊ ဟန်ဒါနိုဗစ်တို့လည်း ပွဲထွက်ခဲ့ပါတယ်။ ဒီပွဲမှာ အရင်ဆုံး ဦးဆောင်ဂိုးရခဲ့တဲ့ အသင်းကတော့ ဖီအိုရင်တီးနားဖြစ်ခဲ့ပါတယ်။
ပွဲကစားချိန် (၃) မိနစ်မှာကတည်းက ဖီအိုရင်တီးနားအတွက် နီကိုးလပ်စ်ဂွန်ဇာလက်ဇ်က ဦးဆောင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပွဲကစားချိန် (၂၉) မိနစ်နဲ့ (၃၇) မိနစ်မှာ အင်တာမီလန်ရဲ့ အဓိကတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်က အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဆက်တိုက် သွင်းယူပေးနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း ပွဲရလဒ်ပိုင်းက အပြောင်းအလဲမရှိခဲ့တာကြောင့် အင်တာမီလန်တို့ ဒီရာသီအတွက် အရေးကြီးလာတဲ့ အခိုက်အတန့်မှာ ကိုပါအီတလီယာချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဖီအိုရင်တီးနားအတွက်ကတော့ ဒီရှုံးပွဲက ဝက်စ်ဟမ်းနဲ့ ဗိုလ်လုပွဲအတွက်ပါ အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာကို အနည်းငယ်ထိခိုက်စေနိုင်ပါတယ်။
အခု အင်တာမီလန်ရော၊ ဖီအိုရင်တီးနားရောက ချန်ပီယံလိဂ်၊ ယူရိုပါကွန်ဖရင့်လိဂ်တို့မှာ ဗိုလ်လုပွဲကို အသီးသီး တက်ရောက်ထားကြပြီး အင်တာမီလန်ကတော့ အခု အောင်မြင်မှုကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ့် မန်စီးတီးနဲ့ပွဲအတွက်ပါ ယုံကြည်မှု ရှိသွားစေမှာ သေချာပါတယ်။