အီလွန်မတ်စ်ပိုင် Boring Company ဟာ မြေအောက်ဥမင်လမ်းကွန်ရက်တွေ တိုးချဲ့ဖို့ လာ့စ်ဗီးဂတ်စ်မြို့တော်ကောင်စီဆီက ခွင့်ပြုချက်ရထားတယ်လို့ ဆိုပါတယ်။
လာ့စ်ဗီးဂတ်စ် မြို့တော်ကောင်စီရဲ့ ခွင့်ပြုချက်ကြောင့် Boring Company ရဲ့ မြေအောက်သယ်ယူပို့ဆောင်ရေးစနစ်ဟာ မူလစီစဉ်ထားတာထက် ပိုပြီး တိုးချဲ့နိုင်တော့မှာ ဖြစ်ပါတယ်။ Vegas Loop လို့ ခေါ်တဲ့ ကုမ္ပဏီရဲ့ မြေအောက် သယ်ယူပို့ဆောင်ရေးစနစ်အတွက် Clark County Commissioners က ပထမဆုံး ခွင့်ပြုချက်ချပေးရာမှာ မြေအောက် Stations ၅၁ ခုကို ချိတ်ဆက်ထားတဲ့ ၂၉ မိုင် ဥမင်ကွန်ရက်တစ်ခုအဖြစ် ခွင့်ပြုခဲ့တာပါ။
အခုတစ်ခေါက် တိုးချဲ့ ခွင့်ပြုရာမှာ မြေအောက် Stations ၅၅ ခု ပါရှိပြီး စုစုပေါင်း ၃၄ မိုင် ရှည်တဲ့ ကွန်ရက်အဖြစ် ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ တိုးချဲ့တည်ဆောက်သွားမယ့် ကွန်ရက်ထဲမှာ Harry Reid International Airport နဲ့ Allegiant Stadium တစ်ခုလည်း ပါဝင်မှာပါ။ Las Vegas Review Journal ရဲ့ အဆိုအရ Boring Company ဥက္ကဌ စတိဗ် ဒေးဗီးစ်ဟာ ၂၀၂၃ ခုနှစ်မှာ လာ့စ်ဗီးဂတ်စ်မြို့လယ်မှာ ဥမင်တူးဖော်ရေး စတင်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
"ဒါက အဆင့် ၂ ပါ။ ဥမင်လိုဏ်လမ်းကြောင်း ဖွင့်နိုင်ဖို့အထိဆို အဆင့် ၈ ဆင့် ရှိပါတယ်။ ရှေ့ဆက် လုပ်ရမှာတွေက အများကြီးပါ။ ဒါပေမယ့်လည်း ကျွန်တော်ထင်ပါတယ်။ နောက်နှစ်မှာ ယန္တရားတွေ မြေချနိုင်ဖို့ ရှိပါတယ်။" လို့ ဒေးဗီးစ်က ပြောပါတယ်။
မြို့အကွက်အကွင်းကျတဲ့ နေရာတွေက Stations တွေထဲမှာ The Strat ဟိုတယ် ၊ Fremont Street Experience တန်း ၊ The Slotzilla နေရာ ၊ Circa Resort ရှိ The Garage Mahal ကာစီနိုရုံ နဲ့ Plaza Hotel တို့လည်း ပါဝင်ပါတယ်။ Boring အနေနဲ့ နောက်ထပ်လည်း ခရီးသည်အဆင်းအတက်လုပ်နိုင်မယ့် Station တွေ ထပ်တိုးသွားဖို့ ရှိပြီး Station တစ်ခု တည်ဆောက်ဖို့ ဒေါ်လာ ၁.၅ သန်းကနေ သန်း ၂၀ အထိ ကုန်ကျတယ်လို့လည်း တွက်ချက်ထားပါတယ်။
ကုမ္ပဏီဥက္ကဌ ဒေးဗီးစ်ကတော့ မြို့လယ်ကောင် Fremont Street Experience လောင်းကစားရုံတန်းကနေ Reid International လေဆိပ်ကို သွားဖို့ ၁၂ ဒေါ်လာ ကျသင့်ပြီး ကြာချိန်အနေနဲ့ ၈ မိနစ် ၉ မိနစ်ဝန်းကျင်ပဲ ကြာမယ်လို့လည်း ပြောပါတယ်။ မြေအောက်ဥမင်လမ်းကြောတွေကနေ ခရီးသည်တွေ ပို့ဆောင်ဖို့ လူထိန်းချုပ်မှု လုပ်ထားတဲ့ Model X နဲ့ Model Y လျှပ်စစ်ကားတွေ သုံးထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ CES 2022 ပွဲမှာ Las Vegas Convention Center (LVCC) Loop ဟာ Convention Center ရဲ့ Campus ဝန်းအတွင်း ခရီးသည်ပေါင်း ၁၅၀၀၀ ကနေ ၁၇၀၀၀ အထိ နေ့စဉ် ပို့ဆောင်မှုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ LVCC ကွန်ဗင်းရှင်းစင်တာအတွင်း ၂၅ မိနစ်ကြာ လမ်းလျှောက်ရတဲ့ ခရီးကို မြေအောက်ဥမင်လမ်းကြောက Tesla ကားတွေနဲ့ဆို ၂ မိနစ်ပဲ ကြာခဲ့တာပါ။
ဒါပေမယ့်လည်း မြေပေါ် ယာဉ်ကြောကျပ်မှုပြဿနာကို ဖြေရှင်းဖို့ မြေအောက်ဥမင်တူးပြီး သယ်ယူပို့ဆောင်ရေးလုပ်တဲ့ Vegas Loop ဟာလည်း CES ပွဲလာ ခရီးသည်တွေအတွက် ပြဿနာရှိခဲ့ပါတယ်။ မြေအောက်ပေ ၄၀ အနက်မှာ တူးထားတဲ့ ဥမင်ယာဉ်လိုင်းဟာ တစ်ကြိမ်မှာ ကားအစီးရေ အများဆုံး ၇၀ ပဲ သွားနိုင်တာကြောင့် ယာဉ်ကြောပိတ်တာနဲ့ ကြုံခဲ့တယ်ဆိုပြီး CES 2022 ပွဲတက်သူတစ်ဦးက ဥမင်အတွင်း ယာဉ်ကြောကျပ်မှုအခြေအနေကို Twitter မှာ ဗွီဒီယိုဖိုင်နဲ့ မျှဝေခဲ့ပါတယ်။
လောလောဆယ် Vegas Loop ကွန်ရက်ဟာ Las Vegas Convention Center အောက်မှာ မြေအောက် ၁.၇ မိုင်ပဲ လုပ်ငန်းခွင်တူးဖော်ရေး စတင်ထားတယ်လို့ ဆိုပါတယ်။ Las Vegas Convention And Visitors Authority ရဲ့ ဥက္ကဌနဲ့ CEO ဖြစ်သူ စတိဗ်ဟေးလ်ကတော့ ဒီနှစ်ကုန်ပိုင်းမှာ LVCC နဲ့ Resorts World ကို ဆက်ထားတဲ့အပိုင်း လုပ်ငန်းလည်ပတ်တော့မယ်လို့လည်း ပြောထားပါတယ်။