BPI ထုတ်ပိုးသတ်ဆေးတစ်မျိုးသုံးစွဲတဲ့လူနာနှစ်ဦး ဆေးမတည့်မှုဖြစ်ပွားခဲ့ပါတယ်။

ဆေးဝါးစက်ရုံ BPI က ထုတ်လုပ်တဲ့ ပိုးသတ်ဆေးတစ်မျိုးဖြစ်တဲ့ Cefotaxime Injection 1g ထိုးဆေးသုံးစွဲမှုကို ယာယီရပ်ဆိုင်းထားဖို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားစာကို  Social Media တွေမှာ ဖော်ပြခြင်းမပြုဖို့ အဆိုပါဆေးဝါးစက်ရုံ က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

39891322_2170998343188846_8142138119148273664_n.jpg

Photo - BPI

ရန်ကုန်အမျိုးသမီးဆေးရုံကြီးက လူနာနှစ်ဦးမှာ အဆိုပါ ပိုးသတ်ဆေးအသုံးပြုပြီး လူနာနှစ်ဦးမှာ ဆေးမတည့်မှု ဖြစ်ပွားခဲ့တာကြောင့် အသုံးပြုမှု ခေတ္တရပ်ဆိုင်းထားဖို့  ကုသရေးဦးစီးဌာနမှ သက်ဆိုင်ရာဆေးရုံတွေကို ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့် ညွှန်ကြားစာဟာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်က ဆေးရုံတွေကို ညွှန်ကြားတဲ့ ရုံးမိန့်စာ ဖြစ်တာကြောင့် လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖြန့်ဖြူးခြင်းမပြုဖို့၊ ဆေးဝါးတွေကို FDA နှင့် ADR Committee တို့မှ စုံစမ်းနေတဲ့ ကာလဖြစ်တာကြောင့် ဆေးဝါးချို့ယွင်းချက်ဆိုပြီး သတ်မှတ်လို့မရတဲ့ကာလအတွင်းမှာ BPI စက်ရုံရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် ဖော်ပြခြင်းတွေ မပြုဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ဆေးဝါးစက်ရုံ(အင်းစိန်) BPI အနေနဲ့  ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း Cefotaxime Injection; 1gram, ဆေးအလုံးရေ ၁ ဒသမ ၂ သန်းကို ထုတ်လုပ်ဖြန့်ဖြူးခဲ့ပြီး ဗဟိုအမျိုးသမီးဆေးရုံကို ဆေးအလုံးရေ ၃၆၀၀၀ ပေးပို့ခဲ့တာဖြစ်ပါတယ်။

39933970_2145580209097566_1796361928294006784_n.jpg

Photo - BPI

ဆေးရုံက ဆေးအလုံးရေ ၂၇၀၀၀ အသုံးပြုခဲ့ပြီး လက်ကျန် ဆေးအလုံးရေ ၉၀၀၀ ထဲကမှ လူနာနှစ်ဦးမှာ ဆေးမတည့်မှု ဖြစ်ပွားခဲ့ပေမယ့် အသက်သေဆုံးခြင်းမရှိဘဲ ကျန်းမာရေးကောင်းမွန်စွာနဲ့ ဆေးရုံက ဆင်းသွားပြီလို့လည်း ထုတ်ပြန်ချက်အရသိရပါတယ်။

Cefotaxime Injection  ထိုးဆေးဆိုတာက ခွဲစိတ်ပြီးလူနာတွေအတွက် သုံးစွဲရတဲ့ ပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီး ဓါတ်မတည့်တဲ့လူနာတွေ ထိုးမိရင် Anaphylactic Shock (ဆေးမတည့်မှုဖြစ်စဉ်) ဖြစ်တတ်တယ်လို့သိရပါတယ်။

ယခုဖြစ်စဉ်မှာ ဆေးအလုံးရေ ၁ ဒသမ ၂ သန်းထဲကမှ လူနာ ၂ ဦးမှာသာ ဖြစ်ခဲ့တာကြောင့် ရာခိုင်နှုန်း အလွန်နည်းတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က