တနင်္ဂနွေနေ့ထုတ် ဗြိတန်သတင်းစာနှစ်စောင်က ရေးသားဖော်ပြထားပါတယ်။

လာမယ့် မတ်လအတွင်း ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်မယ့် Brexit ကိစ္စ ညှိနှိုင်းဆွေးနွေးမှု အဆင်မပြေဖြစ်ကာ နိုင်ငံမှာ မတည်ငြိမ်မှုတွေ ပေါ်ပေါက်လာပါက ဘုရင်မကြီး အဲလိဇဘက်သ်နဲ့ တော်ဝင်မိသားစုတွေကို ရွှေ့ပြောင်းပေးရန်အတွက် ဗြိတိသျှအာဏာပိုင်တွေက စစ်အေးခေတ် အရေးပေါ်အစီအစဉ်များကို ပြန်လည်ဖော်ထုတ် ပြင်ဆင်ထားခဲ့ကြောင်း တနင်္ဂနွေနေ့ထုတ် သတင်းစာနှစ်စောင်က ဖော်ပြပါတယ်။

(ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ) (Photo: AFP)

"ဒီ အရေးပေါ် ရွှေ့ပြောင်းမှုအစီအစဉ်တွေက စစ်အေးခေတ်ကတည်းကရှိခဲ့တာပါ၊ ဒါပေမဲ့ အခုတော့ Brexit ကိစ္စ သဘောတူညီမှုမရဘဲ ပြည်သူလူထု ဆူပူအုံကြွမှုတွေ ဖြစ်လာခဲ့ရင် ဒီလိုရွှေ့ပြောင်းမှုလုပ်ဖို့ ပြန်စီစဉ်ထားပါတယ်" လို့ အစိုးရအဖွဲ့ရုံးမှ အမည်မဖော်တဲ့ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး The Sunday Times သတင်းက ပြောပါတယ်။ အဆိုပါ သတင်းရင်းမြစ်က အရေးပါတဲ့ စီမံခန့်ခွဲမှုတွေကို ကိုင်တွယ်ဆောင်ရွက်ရသူလို့ ဆိုပါတယ်။



ဒါ့အပြင် Mail on Sunday သတင်းကလည်း ဆူပူမှုတွေပေါ်ပေါက်လာပါက ဘုရင်မကြီး အဲလိဇဘက်သ် အပါအဝင် တော်ဝင်မိသားစုကို လန်ဒန်ကနေ လုံခြုံစိတ်ချရတဲ့ နေရာများသို့ ရွှေ့ပြောင်းရန်အစီအစဉ်များရှိကြောင်း သိရှိရတယ်လို့ ဖော်ပြခဲ့ပါတယ်။

(ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ်) (Photo: Reuters)

လက်ရှိမှာ ဗြိတိန်အစိုးရဟာ ဥရောပသမဂ္ဂကနေ နုတ်ထွက်မယ့် မတ်လ ၂၉ ရက်မတိုင်မီ ထိုသို့နုတ်ထွက်မှုနဲ့ ပတ်သက်တဲ့ Brexit အစီအစဉ်ကို လွှတ်တော်သဘောတူညီမှုရရှိရန် ရုန်းကန်နေရပါတယ်။ အကယ်၍ Brexit အစီအစဉ်ကို သဘောတူညီမှုမရခဲ့ပါက ဖြစ်ပေါ်လာနိုင်တဲ့ အရေးပေါ် အခြေအနေတွေအတွက်လည်း အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်။

Brexit အစီအစဉ် သဘောတူညီမှုမရခဲ့ပါက ဥရောပသမဂ္ဂမှ ကုန်ပစ္စည်းတင်သွင်းမှုတွေဟာ အကောက်ခွန်ဆိုင်ရာ စည်းမျဉ်းသစ်တွေကြောင့် အချိန်ကြာရှည်စွာ နှောင့်နှေးမှုကြုံရကာ အစားအစာနဲ့ ဆေးဝါးပြတ်လပ်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။

(မင်းသားဟယ်ရီ မင်္ဂလာပွဲမှာတွေ့ရသည့် ဗြိတိန်တော်ဝင်မိသားစုဝင်များ) (Photo: @kensingtonroyal/Twitter)

အသက် ၉၂ နှစ်အရွယ် ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ်ကလည်း ပြီးခဲ့တဲ့လအတွင်း အမျိုးသမီးရေးရာ အသင်းအဖွဲ့တစ်ခုမှ နှစ်ပတ်လည် မိန့်ခွန်းပြောကြားခဲ့စဉ် နိုင်ငံရေးသမားတွေ အနေနဲ့ Brexit ကိစ္စကို သဘောတူညီမှုရအောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

Brexit ကို ထောက်ခံသူနဲ့ ကွန်ဆာဗေးတစ် လွှတ်တော်အမတ် Jacob Rees-Mogg ကတော့ Brexit သဘောတူညီမှုမရမယ့် အခြေအနေအတွက် အရေးပေါ်အစီအစဉ်တွေ ပြင်ဆင်နေမှုဟာ အစိုးရက မလိုအပ်ဘဲ တုန်လှုပ်ခြောက်ခြားနေခြင်းဖြစ်ကြောင်း Mail on Sunday ကို ပြောခဲ့ပါတယ်။ တော်ဝင်မိသားစုတွေဟာ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးကြဲနေစဉ်မှာလည်း လန်ဒန်မှာပင် ဆက်လက်နေထိုင်ခဲ့ကြကြောင်း ၎င်းက ထောက်ပြခဲ့ပါတယ်။

(Brexit အစီအစဉ်ကို ဗြိတိန်လွှတ်တော်မှာ ဆွေးနွေးစဉ်) (Photo: vaaju)

သို့သော် ဗြိတိန်တော်ဝင်မိသားစုကို ကာကွယ်စောင့်ရှောက်ရာမှာ အကြီးအကဲအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ရဲအရာရှိဟောင်းဖြစ်သူ Dai Davies ကတော့ ဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာပါက ဘုရင်မကြီး အဲလိဇဘက်သ်ကို လန်ဒန်ကနေ ရွှေ့ပြောင်းရမယ်လို့ ထင်မြင်ယူဆခဲ့ကြောင်း The Sunday Times သတင်းက ပြောပါတယ်။

"တစ်ကယ်လို့ လန်ဒန်မှာ ပြဿနာတွေဖြစ်လာခဲ့ရင် တော်ဝင်မိသားစုကို အဓိက နေရာတွေကနေ ရွှေ့ပြောင်းပေးရမယ်ဆိုတာ ရှင်းပါတယ်" လို့ Dai Davies ရဲ့ ပြောကြားမှုကို The Sunday Times က ကိုးကားဖော်ပြထားပါတယ်။ ဗြိတိန်ပြည်သူများအတွင်း ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်မယ် Brexit အစီအစဉ်ကို ထောက်ခံသူနဲ့ ကန့်ကွက်သူများအဖြစ် ကွဲပြားမှုတွေရှိနေကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က