သံသယတရားခံအောင်ကြီးကို လွှတ်ပေးခဲ့တဲ့အပေါ် ပြင်ဆင်ချက်တင်တာကို တိုင်းဥပဒေချုပ်ရုံးက ပယ်ချလိုက်ပြီးနောက် အမှု အမှန်တရားပေါ်ပေါက်အောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဗစ်တိုးရီးယားရဲ့ မိသားစုဝင်တွေဘက်က လိုက်ပါဆောင်ရွက်ပေးသူ သက္ကမိုးညိုက ပြောလိုက်ပါတယ်။
Photo- ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့စဉ်။
ဗစ်တိုးရီးယားရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်နဲ့ တိုင်ပင်ဆွေးနွေးသွားမှာ ဖြစ်ပြီး ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကိုတော့ အတိအကျမပြောနိုင်သေးဘူးလို့ ဆရာသက္ကမိုးညိုက Duwun ကိုပြောပါတယ်။
“ ကျွန်တော်တို့က အမှန်တရားပေါ်ပေါက်ဖို့ ဆက်သွားမှာပါပဲ။ မိသားစုဝင်တွေဘက်က ကိုအောင်ကြီးအပေါ်မှာ အစကတည်းက သက်သေအထောက်အထားလည်းနည်းတဲ့အတွက် အမှုကို ပြင်ဆင်ချက်မတက်ခဲ့ပါဘူး။ အခုချိန်မှာတော့ ဘာပဲပြောပြော အမှန်တရားပေါ်ပေါက်ဖို့အတွက် ပြန်ပြီးတော့ စဉ်းစားနေပါတယ်” လို့ သက္ကမိုးညိုက ဆိုပါတယ်။
ဗစ်တိုးရီးယားအမှုမှာ သံသယတရားခံအောင်ကြီးကို နေပြည်တော်ဒက္ခိဏခရိုင်တရားရုံးက တရားရှင်လွှတ်ပေးခဲ့ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ရဲတပ်ဖွဲ့ နဲ့ ခရိုင်ဥပဒေရုံးတို့က အမှု ပြင်ဆင်ချက် တင်ထားခဲ့ရာမှာ မန္တလေးတိုင်းဥပဒေချုပ်ရုံးက ပယ်ချလိုက်တယ်လို့လည်း သိရပါတယ်။
“ အမှုပြင်ဆင်ချက်ကို နစ်နာသူ မိသားစုဘက်က မတင်တာသေချာတယ်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ခရိုင်ဥပဒေရုံးတို့က ပြင်ဆင်ချက်တင်တယ်လို့ သိရတယ်။အဲဒါကို တိုင်းဥပဒေချုပ်ရုံးက စိစစ်ပြီး အမှုကိုခေါ်ကြည့်တယ်။ မူလရုံးရဲ့ အမိန့်ကသာ ဥပဒေနဲ့ ညီတယ်လို့ အမိန့်ချလိုက်တယ်။ “ လို့ အောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က Duwun ကိုပြောပါတယ်။
ဒါကြောင့်လက်ရှိမှာ အောင်ကြီးကို သံသယတရားခံအဖြစ်စွပ်စွဲထားခဲ့တဲ့ ဗစ်တိုးရီးယားအမှုမှာ ဆက်စစ်စရာမလိုတော့ဘဲ အမှုပြီးဆုံးသွားပြီလို့လည်း ရှေ့နေ့ ဦးခင်မောင်ဇော်က ဆိုပါတယ်။
“ အောင်ကြီးအပေါ် စွဲတဲ့ကိစ္စက တက်စရာမရှိတော့ဘူး။ မန္တလေးတိုင်းဥပဒေချုပ်ရုံးဆိုတာက နေပြည်တော်အပါအဝင် ဥပဒေရုံးတွေရဲ့ တရားစွဲအဖွဲ့အစည်းပါပဲ။ သူ့ရဲ့ အဆုံးအဖြတ်က တည်ပါတယ်” လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပြပါတယ်။
နေပြည်တော် Wisdom Hill မူကြိုကျောင်းက အသက် (၃) နှစ်အရွယ် ကျောင်းသူလေး ဗစ်တိုးရီးယား လိင်အကြမ်းဖက်ခံရမှုမှာ အဆိုပါ မူကြိုကျောင်းကကားဒရိုင်ဘာအောင်ကြီးကို ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက တရားစွဲဆိုခဲ့ပါတယ်။
ဒီအမှုကို (၅) လကျော်ကြာစစ်ဆေးပြီးနောက် အောင်ကြီးဟာ တရားခံမဟုတ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပြီး ၂၀၁၉ ခုနှစ်ဒီဇင်ဘာ ၁၈ ရက်မှာ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက တရားရှင်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။
Share