အောင်ကြီးလွှတ်ပေးမှု မကျေနပ်ရင် တိုင်းတရားရုံးကိုတင်နိုင်

သံသယတရားခံအောင်ကြီးကို စွပ်စွဲထားတဲ့ အချက်အလက်တွေက အရေးယူဖို့ မပေါ်ပေါက်တာကြောင့် တရားရုံးက စွဲချက်မတင်မီ လွှတ်ပေးလိုက်တဲ့အမိန့်ကို မကျေနပ်တဲ့ မည်သူမဆို တိုင်းတရားရုံးကို (၂) လအတွင်း ပြင်ဆင်တက်ရောက်နိုင်တယ်လို့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံး ဒုတိယခရိုင် တရားသူကြီး ဒေါ်ဖြူဝင်းလတ်က ပြောကြားလိုက်ပါတယ် 

“ ကျွန်မတို့ဘက်ကတော့ ဆက်စစ်ဆေးစရာမလိုတော့ဘူး။ ပြီးသွားပြီ။ တကယ်လို့သက်သေခံချက်တွေ ထပ်ရှိလာမယ်။ စွဲချက်တင်ဖို့ တခြားအကြောင်းအရာတွေ ပေါ်လာမယ်ဆိုရင် တရားစွဲအဖွဲ့အစည်းကနေ ကျွန်မတို့ကို တင်ပြလာရင်တော့ ဆက်လက်ဆောင်ရွက်ရမှာပေါ့။ “ လို့ ဒုတိယခရိုင်တရားသူကြီး ဒေါ်ဖြူဝင်းလတ်က ဆိုပါတယ်။

အောင်ကြီးကို စွဲချက်မတင်ဘဲ တရားရှင်လွှတ်ထားတဲ့အတွက် လက်ရှိအချိန်ကတော့ အမှုက ပိတ်သိမ်းထားတဲ့ အနေအထားဖြစ်နေပြီး နစ်နာသူ ဗစ်တိုးရီးယားဘက်ကနေ အမှုကို ရဲစခန်းမှာ ပထမသတင်းပေးတိုင်ချက်ဖွင့်ရင်တော့ ရဲတပ်ဖွဲ့ကနေ စစ်ဖို့ တာဝန်ရှိတယ်လို့ အောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က သုံးသပ်ပါတယ်။

“ ဗစ်တိုးရီးယားလေးအမေက ရဲကို ပထမသတင်းပေးတိုင်ချက်ထပ်ဖွင့်လို့ရပါတယ်။သမီးလေးပြောခဲ့တဲ့အတိုင်း တိုင်ချက် ထပ်ဖွင့်ပြီး ရဲကလည်း အဲ့လမ်းကြောင်းအတိုင်း ဆက်သွားရမယ်။ စစ်တဲ့အခါမှာ အခုလို ဖရိုဖရဲမဖြစ်ဘဲနဲ့ အမှန်အတိုင်း စစ်ရမှာ ရဲတာဝန်ပါ” လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဥပဒေအရာရှိဘက်က အောင်ကြီးကိုပဲ တရားခံအဖြစ်နဲ့ တိုင်းတရားရုံးမှာ ဆက်လျှောက်မယ်ဆိုရင်တော့ ဗစ်တိုးရီးယားအမှန်တရားရှာဖွေဖို့ လမ်းစပျောက်နေဦးမယ်လို့ ဗစ်တိုးရီးယားဘက်မှ ကူညီဆောင်ရွက်ပေးသူ ဒေါက်တာ ဝင်းကိုကိုသိန်း (ခ) သက္ကမိုးညိုက အခုလိုသုံးသပ်ထားပါတယ်။

“ တရားရုံးကလွှတ်လိုက်တယ်ဆိုပေမယ့် တကယ်လို့များ ဥပဒေအရာရှိဘက်က မကျေနပ်လို့ အောင်ကြီး ကိုပဲ ဆက်လက်ပြီးကာမှ တရားခံအဖြစ်နဲ့ တိုင်းတရားရုံးမှာ လျှောက်ထားခဲ့ရင် ဒီအမှုသည် နောက်ထပ်ကြာသွားဦးမှာ။ ကြာသွားရင် ကျွန်တော်တို့က ဗစ်တိုးရီးယားအမှန်တရားရှာဖွေဖို့ အတွက်က လမ်းစက ပျောက်နေအုံးမယ်။ ဘာလို့လဲဆိုတော့ သူတို့ဆက်ပြီး တိုင်ကြားတာသည် အောင်ကြီးအမှုအတွက် အောင်ကြီးကို အပြစ်ပေးနိုင်ဖို့ ဆက်လက်တိုင်ကြားတာဖြစ်သွားမှာလေ။အခုကျွန်တော်တို့က အခြေအနေကို ဆက်လက် စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။ “ လု့ိသက္ကမိုးညိုက ဆိုပါတယ်။

အမှုမှာ လူသက်သေဖြစ်တဲ့ ဗစ်တိုးရီးယားရဲ့ ထွက်ဆိုချက်တွေကတော့ရှိနေပြီး ပစ္စည်းသက်သေ စီစီတီဗီဖိုင်အလဲခံရတာတွေ၊ ဒီအန်အေ အထောက်အထားတွေ ရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်တာတွေကို ဆက်လက်ဆောင်ရွက်ရဦးမယ်လို့ သက္ကမိုးညိုက ပြောပါတယ်။

ဗစ်တိုးရီးယားအမှုမှာ အောင်ကြီးကို တရားရုံးကလွှတ်လိုက်တာဟာ စောနေသေးကြောင်း၊ ရဲတပ်ဖွဲ့အနေနဲ့ ဖြစ်နိုင်ခြေရှိလို့ အောင်ကြီးကို တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောဆိုခဲ့ပါသေးတယ်။

 

 

Share

Loading Next Article...
က္က