နေပြည်တော် Wisdom Hill မူကြိုကျောင်းက အသက် (၃) နှစ်အရွယ် ဗစ်တိုးရီးယား လိင်အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး တာဝန်ကျေပွန်စွာ မဆောင်ရွက်နိုင်သူတွေကို လိုအပ်သလို အရေးယူပေးဖို့ နိုင်ငံတော်သမ္မတက ညွန်ကြားလိုက်ပြီလို့ သိရပါတယ်။
ဒီကနေ့ နေပြည်တော်မှာ သမ္မတရုံးသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့စဉ်။
ဗစ်တိုးရီးယားအမှုမှာ လစ်ဟာမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဥပဒေပြဌာန်းချက်တွေနဲ့ မညီတဲ့တာဝန်ရှိသူတွေကို သက်ဆိုင်ရာအဖွဲ့အစည်းက လိုအပ်သလို အရေးယူဖို့ နိုင်ငံတော်သမ္မတက ညွှန်ကြားထားခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောလိုက်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ (၂၁) ရက်က နေပြည်တော် သမ္မတအိမ်တော်မှာ ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက သတင်းမီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။
“ လုပ်ထုံးလုပ်နည်းနဲ့အညီ မဆောင်ရွက်နိုင်သော၊ တာဝန်ကျေပွန်စွာ မဆောင်ရွက်နိုင်သော၊ လစ်ဟာမှုများဖြစ်ပေါ်ခဲ့သော၊ ဥပဒေပြဌာန်းချက်များနဲ့ ညီညွှတ်မှုမရှိသော တာဝန်ရှိသူတွေကို သက်ဆိုင်ရာအဖွဲ့အစည်းက လိုအပ်သလို အရေးယူဖို့ ညွှန်ကြားထားပါတယ်” လို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
ဗစ်တိုးရီးယားရဲ့ ဖခင်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က နိုင်ငံတော်သမ္မတထံကို ကူညီဆောင်ရွက်ပေးနိုင်ဖို့ စာဖြင့် တင်ပြတောင်းခံလာခဲ့တယ်လို့ သိရပါတယ်။
အဲဒီတင်ပြချက်ကို နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ပြည်ထဲရေးဝန်ကြီးဌာနက၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတွေကို ညွှန်ကြားချက် (၄) ချက် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ညွှန်ကြားချက် (၄) ချက်မှာ အမှုမှန်ပေါ်ပေါက်ဖို့၊ တာဝန်ယူ တာဝန်ခံမှုရှိဖို့၊ ဥပဒေနဲ့ အညီဖြစ်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ထားတာတွေကို အမှန်တရားအတိုင်း ပြန်လည်တင်ပြဖို့ ညွန်ကြားခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့က တင်ပြလာတဲ့အပေါ်သုံးသပ်ပြီး ဥပဒေနဲ့ မညီတဲ့သူတွေကို အရေးယူဖို့ အတွက် ဖေဖော်ဝါရီ ၂၀ ရက်နေ့စွဲနဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ညွှန်ကြားထားခဲ့တယ်လို့သိရပါတယ်။
သံသယတရားခံအောင်ကြီးကို လွှတ်ပေးလိုက်ပြီးနောက် ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာမှာ ရဲအရာရှိတွေက ဗစ်တိုးရီးယားရဲ့ နာမည်၊ မိသားစုဝင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုထုတ်ဖော်ပြောဆိုခဲ့သလို ရဲဇာနည် ဖေ့စ်ဘုတ်ပေ့ချ်မှာလည်း အမှုအချက်အလက်တွေကို တင်ခဲ့တာကြောင့် ဝေဖန်ပြောဆိုမှုတွေ မြင့်တက်ခဲ့ပါတယ်။
Share