Photo: Chit Thu Wai
အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်ဟာ ဗစ်တိုးရီးယားအမှုမှာ သိန်း(၈၀၀)ခန့် အမြတ်ထွက်ခဲ့တယ်ဆိုတဲ့ အသံဖိုင်တစ်ခု လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန့် နေခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အဆိုတော် လင်းလင်းက အခုလို ပြောပြထားပါတယ်။
"တကယ်တော့ ကျွန်တော်တို့ကို စော်ကားထားတဲ့ အသံဖိုင်ကိစ္စက မဟုတ်ဘူးလို့ ထွက်ရှင်းရတာ လွယ်ပါတယ်။ ဖြစ်လဲမဖြစ်နိုင်ဘူး။ မဖြစ်နိုင်ကြောင်း၊ မဟုတ်တဲ့အကြောင်းကိုလဲ ကျွန်တော်တို့ကို ချစ်ကြခင်ကြတဲ့ မိတ်ဆွေတွေ၊ မိသားစုတွေ၊ ပရိတ်သတ်တွေ၊ ရောင်းရင်းတွေ အားလုံးကလဲ သိလို့ တစ်ခုခုလုပ်ရမယ်၊ ဒီတိုင်းထားလို့မရဘူး ဆိုပြီး ဥပဒေအတိုင်းအရေးယူဖို့ လာဆက်သွယ်ကြတာကလဲ အသံဖိုင်ထွက်ကတည်းကပါ။
အသံဖိုင်စထွက်ကတည်းက နားထောင်ပြီးပါပြီ။ သိမ်းလည်းထားပါတယ်။ သို့သော် နားထောင်ရုံနဲ့ ပြီးစလွယ် မဟုတ်တမ်းတရားစော်ကားထားတဲ့ ဒီကိစ္စက ရိုးရှင်းသလား၊ အရောင်တွေပါလား၊စဉ်းစားရတယ်။ ဘာလို့ဆို ကပ်ရောဂါနဲ့ တစ်နိုင်ငံလုံးရှုပ်နေတဲ့ ကာလမှာ တစ်နိုင်ငံလုံးအကဲစပ်တဲ့ သမီးလေး V ကိစ္စနဲ့ တစ်မိသားစုလုံးသိက္ခာကျအောင် မဟုတ်တမ်းတရားစွတ်စွဲတာက ဘယ်အထိ ရည်ရွယ်တာလဲပေါ့။ ဒီကာလမှာ ကျွန်တော့်ကိုရွေးပြီး ပွိုင့်တည်တာဘာကြောင့်လဲပေါ့" ဆိုပြီးတော့ ဧပြီလ ၂၃ ရက်နေ့ ည ၈ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: A Linn Yaung
ဘယ်လောက်ပဲ ဝေဖန်တိုက်ခိုက်မှုတွေ ရှိနေပါစေ လုပ်မြဲလုပ်နေကြ ပရဟိတ လုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်လို့လည်း အဆိုတော် လင်းလင်းက ပြောပါတယ်။
"ကျွန်တော်တို့ကတော့ ရှင်းပါတယ်။ လုပ်နိုင်၊ကိုင်နိုင်၊လှူနိုင်တာတွေကို လူအား၊ စိတ်အား၊ ငွေအား၊ အကုန်စိုက်ပါတယ်။ ဒီကောလာဟလ မှာ နိုင်ငံရေးတွေမပါဖို့မျှော်လင့်ပါတယ်။ အကောင့်တစ်ခုကမေးလို့ ပရိတ်သတ်တွေကိုထ,ရှင်းတာမဟုတ်ပါဘူး။ နေရာစုံ၊ ဌာနစုံက တောကြောင်တွေ အချို့ကို ရှင်းပြတာပါ။ တော်တော်စိတ်ရှည်ရှည်ထားပြီးရေးလိုက်ရတယ်။ ကျွန်တော် က ပါးစပ်ကပြော၊စာတွေရေးပြီး ရှင်းရတာဝါသနာမပါဘူး။ လက်တွေ့ဘဲရှင်းတတ်တာ" ဆိုပြီးတော့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: Chit Thu Wai
အဲဒီနောက် အဆိုတော် ချစ်သုဝေကလည်း ဗစ်တိုးရီးယား ကိစ္စနဲ့ ပတ်သက်ပြီး အခုလို ဝေဖန်ပြောဆိုမှုတွေရှိလာတဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
"V လေးတို့မိသားစုအတွက် မကြပ်တည်းရအောင် လုပ်ပေးနိုင်တာတွေ လုပ်ပေးခဲ့တာကို တစ်ခါမှတောင် facebook ပေါ်မတင်ဖူးခဲ့ဘူး။ ကူနိုင်သမျှအစွမ်းကုန်ကူခဲ့တာဘဲရှိခဲ့တယ်။ ဒီလိုတွေပြောနေ၊ ရှင်းနေရတာကိုက မဟုတ်တာသမီးVလေးနဲ့ပတ်သက်ရင် အမှုမှန်လေးပေါ်စေချင်တာရယ်၊ မိဘတွေအပါအဝင် သမီးV လေး စိတ်ဒဏ်ရာမရစေချင်တာပဲရှိတယ်" ဆိုပြီးတော့ ချစ်သုဝေရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဧပြီလ ၂၄ ရက်နေ့ မနက် ၁၂ နာရီ ၄၇ မိနစ်က ရေးထားတာ တွေ့ရပါတယ်။
Photo: Chit Thu Wai
အဆိုတော် လင်းလင်းဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လ အတွင်းက နေပြည်တော်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဗစ်တိုးရီးယား အမှုအတွက် အမှန်တရားပေါ်ပေါက်စေဖို့ ပါဝင်ဆောင်ရွက်ခဲ့တဲ့သူပါ။ လက်ရှိမှာတော့ သူဟာဇနီးဖြစ်တဲ့ ချစ်သုဝေနဲ့အတူ ခေတ်သစ်ဖောင်ဒေးရှင်း အနေနဲ့ COVID-19 ကြောင့် စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရတဲ့ ဒေသတွေအတွက် စားနပ်ရိက္ခာ အလှူအတန်းတွေ လုပ်နေတာ တွေ့ရပါတယ်။
Share