ဗစ်တိုးရီးယားအရေးကိစ္စနဲ့ပတ်သက်ပြီး အဓိကတာဝန်ရှိတဲ့ ရဲအရာရှိကြီး (၃) ဦးကို ရာထူးတိုးမြှင့်ရပ်ဆိုင်းခြင်း (Promotion Stop) အနေနဲ့ အရေးယူမှုပြုလုပ်ထားတယ်လို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
ဒီကနေ့ မေလ ၂၀ ရက်က Video Conferencing ကတစ်ဆင့် ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက ဗစ်တိုးရီးယားအမှုမှာ တာဝန်လစ်ဟင်းတဲ့ရဲအရာရှိတွေအပါအဝင် သက်ဆိုင်သူတွေကို အရေးယူဖို့ နိုင်ငံတော်သမ္မတက ပြောကြားထားခဲ့တဲ့အပေါ်မှာ ဘယ်လိုအရေးယူမှုတွေ ပြုလုပ်ထားသလဲဆိုတဲ့ အမေးကို ဦးဇော်ဌေးက အခုလိ ပြန်လည်ဖြေကြားခဲ့တာပါ။
ဒီနေ့ မေလ ၃၀ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ
“ ဗစ်တိုးရီးယားအရေးကိစ္စနဲ့ပတ်သက်လို့ အဓိက တာဝန်ရှိတဲ့ ရဲအရာရှိကြီးတွေကို အရေးယူထားတယ်လို့ ကျွန်တော်တို့ အရင်ကတည်းကလည်း ဖြေကြားထားပါတယ်။ အဲဒီတော့ တိတိကျကျပြောရရင် အဓိကတာဝန်ရှိတဲ့ ရဲအရာရှိ (၃) ဦးကို ရာထူးတိုးမြှင့်ခြင်းရပ်ဆိုင်းတဲ့ ပြစ်ဒဏ်နဲ့ အရေးယူထားတယ်လို့ ကျွန်တော်တို့ကို တင်ပြထားပါတယ်” လို့ ဦးဇော်ဌေးက ဆိုပါတယ်။
ဒီလိုအရေးယူထားမှုအပေါ် ဗစ်တိုးရီးယားအမှု ကူညီဆောင်ရွက်ပေးခဲ့တဲ့ သက္ကမိုးညို (ခ) ဒေါက်တာဝင်းကို ကို Duwun က ဆက်သွယ်မေးမြန်းရာမှာတော့
“ ရာထူးတိုးရပ်ဆိုင်းတဲ့အရေးယူမှုက တော်တော်လေးကို ပျော့တဲ့အရေးယူမှုလို့ ပြောရမယ်။ ဌာနဆိုင်ရာ အရေးယူမှုဆိုတာ ရာထူးကနေ ထုတ်ပယ်တာရှိတယ်။ ရာထူးတိုးရပ်ဆိုင်းတာရှိတယ်။ ရာထူးတိုးတယ်ဆိုတာ အထက်ပိုင်းရောက်သွားရင် တော်တော်လေးကို ကြာမှ ဖြစ်တဲ့ကိစ္စလေ။ ရာထူးတိုးစရာမလိုဘဲနဲ့တောင်ပင်စင်ယူသွားလို့ရတဲ့ အနေအထားမှာ အခုအရေးယူမှုကဘာမှမထူးပါဘူး” လို့ ဆိုပါတယ်။
ဒ့ါအပြင် လက်ရှိအရေးယူထားတယ်လို့ ပြောကြားချက်နဲ့ပတ်သက်ပြီး ဗစ်တိုးရီးယားရဲ့ အမည်ကို ထုတ်ဖော်ပြောကြားခဲ့တဲ့ ရဲအရာရှိ တွေလား၊ အမှုတစ်ခုလုံးမှာ ပါဝင်ပတ်သက်နေတဲ့ ရဲအရာရှိတွေလားဆိုတာကိုတော့ တိတိကျကျပြောဖို့ လိုအပ်တယ်လို့ သက္ကမိုးညိုက ဆိုပါတယ်။
“ သမီးလေးရဲ့ နာမည်ကို ထုတ်ပြောခဲ့တဲ့ရဲအရာရှိ ၃ ဦးလား၊ ဒါမှမဟုတ်ရင် အမှုတစ်ခုလုံးမှာ သက်ဆိုင်နေတဲ့ ရဲအရာရှိတွေလား ။ အဲဒါကို မရှင်းဘူး။ အမှုတစ်ခုလုံးမှာ ပတ်သက်နေတဲ့ရဲအရာရှိတွေဆိုရင် ဘယ်သူက ဘယ်နေရာမှာ ဘယ်လိုလစ်ဟာခဲ့လဲဆိုတာကို ရှင်းရှင်းလင်းလင်းသိရမှ ဒီလိုအရေးယူမှုနဲ့ မျှတထိုက်တန်လားဆိုတာကို ကျွန်တော်တို့က ကြည့်ရမယ်။ “ လို့ ပြောပါတယ်။
လက်ရှိမှာ COVID-19 ကြောင့် ကန့်သတ်ချက်တွေ ဖြေလျှော့ပြီးနောက်ပိုင်းမှာ ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး တရားစွဲနိုင်ရေးဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း သက္ကမိုးညိုက ဆိုပါတယ်။
ဗစ်တိုးရီးယားအမှုမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ မဆောင်ရွက်နိုင်တဲ့၊ တာဝန်ကျေပွန်စွာ မဆောင်ရွက်နိုင်တဲ့၊ လစ်ဟာမှုတွေ ဖြစ်ပေါ်ခဲ့တဲ့၊ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်မှု မရှိတဲ့ တာဝန်ရှိသူတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းက လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ဆိုပြီး နိုင်ငံတော်သမ္မတက ပြီးခဲ့တဲ့ဖေဖော်ဝါရီတုန်းကညွှန်ကြားထားခဲ့တာလည်းဖြစ်ပါတယ်။
Share