ဒီဇင်ဘာ ၂၇ ရက်မှာ အမှုဖွင့်မှာပါ။

 “ရဲအရာရှိရဲ့ ထုတ်ဖော်ပြောဆိုမှုဟာ ကလေးသူငယ်ဆိုင်ရာ ဥပဒေပုဒ်မ (၉၆) (ဃ) ကို ဖောက်ဖျက်ကျုးလွန်နေတယ်။ ဥပဒေမှာ မည်သူမျှ မကျုးလွန်ရဆိုတာပါတယ်။ ဒီလို ဥပဒေကိုကျုးလွန်သွားတာကို တရားစွဲဖို့ ခက်ခဲတယ်ဆိုရင် တရားဥပဒေစိုးမိုးမှု မရှိတော့ဘူးဆိုတာပြသနေတယ်။ ဘယ်လောက်ခက်ခဲပါစေ။ ကျွန်တော်တို့ မရရအောင် တရားစွဲသွားမှာပါ” လို့ ဗစ်တိုးရီးယားအတွက် အမှန်တရားတောင်းဆိုမှု ကော်မတီမှာ ပါဝင်တဲ့ စာရေးဆရာ ထင်လင်းဦးက Duwun ကိုပြောပါတယ်။

ရန်ကုန်မြို့မှာ ကျင့်ဝတ်ဥပဒေချိုးဖောက်တဲ့ ရဲအရာရှိများကို ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့

ဗစ်တိုးရီးယားရဲ့ နာမည်အရင်းကို ထုတ်ပြောခဲ့တဲ့ ရဲအရာရှိတွေနဲ့ မိဘနာမည်၊ အလုပ်အကိုင် အစရှိတဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခဲ့တဲ့ ရဲဇာနည်ဖေ့စ်ဘုတ်ပေ့ချ် Admin ကို ဒီဇင်ဘာ (၂၇) ရက်မှာ အမှုဖွင့်မယ်လို့ ဗစ်တိုးရီးယားအတွက် အမှန်တရားတောင်းဆိုမှု ကော်မတီကနေ သိရပါတယ်။

အမှုဖြစ်စဉ်ကတော့ နေပြည်တော်မှာ ဖြစ်သွားခဲ့တဲ့အတွက် နေပြည်တော်မှာပဲအမှုဖွင့်သွားဖို့ရှိနေပြီး ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်နေပြီလို့လည်း စာရေးဆရာထင်လင်းဦးက ဆက်ပြောပါတယ်။

“ ရဲစခန်းမှာပဲ ဖွင့်ရမလား။ တရားရုံးမှာ ဖွင့်ရမလားမသိသေးပါဘူး။ ကျွန်တော်တို့ဘက်က လိုက်ပါဆောင်ရွက်မယ့် ဥပဒေပညာရှင်တွေက တရားဘယ်မှာ စွဲရမလဲဆိုတာကို အကြံပေးပါလိမ့်မယ်။ “ လို့ ဆိုပါတယ်။

လက်ရှိမှာ ဗစ်တိုးရီးယားအတွက် အမှန်တရားတောင်းဆိုမှု ကော်မတီက ဒေါက်တာ ဝင်းကိုကိုသိန်း (ခ) သက္ကမိုးညိုနဲ့ ဗစ်တိုးရီးယားမိသားစုဝင်တွေ အမှုမှန်ပေါ်ပေါက်ရေးကို ရေဆုံးရေဖျား လိုက်နေတဲ့အပေါ် ကူညီဆောင်ရွက်နေပြီး ကလေးရဲ့ အမည်နာမ၊ ကိုယ်ရေးအချက်အလက်တွေကို ရဲတပ်ဖွဲ့က ထုတ်ဖော်မှုအပေါ် အရေးယူဖို့ ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။

ရန်ကုန်မြို့မှာ ကျင့်ဝတ်ဥပဒေချိုးဖောက်တဲ့ ရဲအရာရှိများကို ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့

အဆိုပါ ကော်မတီကို ဒီဇင်ဘာ ၂၂ ရက်ကစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဥပဒေအကြံပေးအရာရှိတွေ၊ တရားလွှတ်တော်ရှေ့နေ့တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ နည်းပညာကျွမ်းကျင်သူတွေ၊ သတင်းမီဒီယာသမားတွေ၊အသိပညာရှင်၊ အတတ်ပညာရှင်တွေ ပါဝင်တဲ့ ကော်မတီဝင် ၇၀ ဦးခန့်ရှိတယ်လို့လည်း သိရပါတယ်။

ဗစ်တိုးရီးယားအမှုမှာ သံသယတရားခံ အောင်ကြီး လွှတ်ပေးလိုက်ပြီးတဲ့နောက် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ရာမှာ ရဲမှူးချုပ်စိုးနိုင်ဦးက ဗစ်တိုးရီးယားရဲ့ နာမည်အရင်းကို ထုတ်ဖော်ပြောကြားခဲ့သလို ရဲဇာနည် ဖေ့ဘုတ်စ်ပေ့ချ်မှာလည်း ဗစ်တိုးရီးယားရဲ့ မိဘနာမည်၊ အလုပ်အကိုင်နဲ့ ကိုယ်ရေးအချက်အလက်တွေ ပါဝင်တဲ့ အမှုတွဲကို တင်ခဲ့တာကြောင့် ဝေဖန်ရှုံချမှု အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ (၂၃) ရက်ကလည်း ကျင့်ဝတ်နဲ့ ဥပဒေချိုးဖောက်တဲ့ ရဲအရာရှိတွေကို အရေးယူပေးရေးနဲ့ ဗစ်တိုးရီးယားအမှု အမှန်တရားပေါ်ပေါက်စေရေးတို့အတွက် ရန်ကုန်မြို့နေပြည်သူ ၅၀၀ ကျော်က မဟာဗန္ဒုလပန်းခြံနဲ့ မြို့တွင်း တလျှောက်မှာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Share

Loading Next Article...
က္က