“ ပြန်တမ်းဝန်အရာရှိတွေကို တရားစွဲဆိုမယ်ဆိုရင် တရားစွဲမိန့်မပါဘဲ လက်ခံလို့မရဘူးဆိုပြီး ပြဌာန်းထားတာရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က သမ္မတထံ တရားစွဲမိန့်တောင်းတာပါ။ တရားစွဲမိန့်ကို သတ်မှတ်တဲ့အချိန်အတွင်း မပေးဘဲ ကြန့်ကြာနေတာမျိုးမရှိအောင် ကျွန်တော်တို့ ကြိုးစားပါမယ်” လို့ လွတ်လပ်သော ရှေ့နေများအသင်းဝင် ဦးခင်မောင်ဇော်က Duwun ကိုပြောပါတယ်။
ဒီဇင်ဘာ (၁၉) ရက်က ရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့စဉ်။
ဗစ်တိုးရီးယားနာမည်အရင်းနဲ့ မိသားစုကိုယ်ရေးအချက်အလက်တွေ ထုတ်ပြောခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မှုခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး၊ မှုခင်းညွှန်ကြားရေးမှူး ရဲမှူးကြီးမင်းဟန်၊ မှုခင်းရဲတပ်ဖွဲ့ဌာနမှူး ရဲမှူးကြီး သာဒွန်းနဲ့ ရဲဇာနည် (Page) တာဝန်ခံစီစဉ်သူတို့ကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ ၊ အခြားသင့်တော်ရာ ရာဇဝတ်ဥပဒေတရပ်ရပ်အရ တရားစွဲဆိုခွင့်ပြုဖို့ နိုင်ငံတော်သမ္မတထံတင်ပြလိုက်ပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ -၁၉၇ (၁) အရ ပြည်သူ့ဝန်ထမ်းကို ရာဇဝတ်မှုစွဲဆိုရာမှာ ကြိုတင်ခွင့်ပြုမိန့်တောင်းခံခြင်းဆိုပြီး ရေးသားထားတဲ့ စာတစ်စောင်ကို နိုင်ငံတော်သမ္မတထံ ဦးဝင်းမြင့်ထံသို့ လိပ်မူပြီး တင်ပြခဲ့တာဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၉ ရက်က ရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲမှာ ရဲမှူးချုပ် စိုးနိုင်ဦးအပါအဝင် ရဲအရာရှိ (၃) ဦးရဲ့ ဗစ်တိုးရီးယားအချက်အလက်ထုတ်ဖော်ပြောကြားချက်တွေဟာ တည်ဆဲဥပဒေနဲ့ ငြိစွန်းနေတယ်လို့ လွတ်လပ်သောရှေ့နေများအသင်း(ILAM) က ယူဆကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရဲဇာနည် လူမှုကွန်ရက်ကလည်း ဗစ်တိုးရီးယားမိသားစု ကိုယ်ရေးအချက်အလက်တွေ၊ အမှုနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ဖော်ပြခဲ့တာတွေဟာ ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၆၉ (ဃ) ကို ချိုးဖောက်လိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဥပဒေကို ကာကွယ်ထိန်းသိမ်းရသူတွေ ဖြစ်တဲ့ အဆင့်မြင့်ရဲအရာရှိကြီးတွေက အခုလို ဥပဒေကို ထင်ထင်ရှားရှားချိုးဖောက်လိုက်တာ လွန်စွာဝမ်းနည်းဖွယ်ဖြစ်ပြီး လုံးဝလက်မခံနိုင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ILAM အသင်းက ထုတ်ပြန်ထားတာပါ။
အခုလို့ သမ္မတထံတင်ပြထားပြီးတဲ့နောက် သတ်မှတ်တဲ့အချိန်အတွင်းမှာ သမ္မတဆီက တရားစွဲမိန့်ခွင့်မကျသေးရင် အခြားနည်းလမ်းရှာပြီး တရားစွဲဖို့ ကြိုးစားဆောင်ရွက်သွားမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က Duwun ကိုပြောပါတယ်။
“ အချိန်ဘယ်လောက်ထိ စောင့်ရမလဲဆိုတာကတော့ ပြောဖို့ ခက်ပါတယ်။ တရားစွဲမိန့်ကျဖို့ အရမ်းကြန့်ကြာနေရင်တော့ ကျွန်တော်တို့ တစ်ခုခု ဆောင်ရွက်ဖို့ရှိပါတယ်” လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောခဲ့ပါတယ်။
Share