ဗစ်တိုးရီးယားနာမည်အရင်းထုတ်ပြောသူရဲအရာရှိတွေကိုလည်း တရားစွဲမှာပါ။

Wisdom Hill မူကြိုကျောင်းက လိင်အကြမ်းဖက်ခံရသူ ဗစ်တိုးရီးယားရဲ့ ဖခင် တင်ပြတိုင်ကြားချက်တွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဌတွေနဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေတို့ထံ ပေးပို့ထားတယ်လို့ ဗစ်တိုးရီးယားအတွက် အမှန်တရားတောင်းဆိုမှု ကော်မတီကေန သိရပါတယ်။

ရဲအရာရှိတွေကို အရေးယူပေးဖို့ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့စဉ်။

ဒါ့အပြင် သတင်းစာရှင်းလင်းပွဲမှာ ဗစ်တိုးရီးယား နာမည်နဲ့ မိသားစု ကိုယ်ရေးအချက်အလက်တွေကို ထုထ်ဖော်ပြောဆိုခဲ့တဲ့ ရဲအရာရှိ (၃) ဦးကို ၂၀၁၉ ခုနှစ် ကလေးသူငယ်ဥပဒေပုဒ်မ (၁၀၁) နဲ့ တရားစွဲ အမှုဖွင့်သွားမယ်လို့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းက နေသိရပါတယ်။

“ သတင်းစာရှင်းလင်းပွဲမှာ ကလေးမလေးရဲ့ နာမည်ကို ဖော်ထုတ်ခဲ့တဲ့ တာဝန်ရှိရဲတွေကို တရားစွဲမှာပါ။ ကလေးမလေး နစ်နာမှုနဲ့ ပတ်သက်ပြီး အထိရောက်ဆုံးဖြစ်အောင် ဆောင်ရွက်မှာပါ။ “ လို့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူးဦးခင်မောင်ဇော်က Duwun ကိုပြောပါတယ်။

ဗစ်တိုးရီးယားအတွက် အမှန်တရားတောင်းဆိုမှု ကော်မတီက ဒီဇင်ဘာ (၂) ရက်နေ့မှာ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းနဲ့ တွေ့ဆုံခဲ့ပြီး ဗစ်တိုးရီးယားအမှု အချက်အလက်တွေ၊ ကိုယ်စားလှယ်လွှဲစာ၊ ရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်သွားခဲ့တဲ့ အသံဖိုင်၊ ဗီဒီယိုဖိုင် စတဲ့ အချက်အလက်တွေကို ပေးအပ်ခဲ့တယ်လို့ စာရေးဆရာထင်လင်းဦးက Duwun ကိုပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းက တရားစွဲဆိုနိုင်ဖို့ စီစဉ်နေပြီး ဌာနဆိုင်ရာ ရုံးတွေ ပြန်ဖွင့်ပါက အမှုဖွင့်သွားမယ်လို့လည်း သိရပါတယ်။

ဗစ်တိုးရီးယားအမှုမှာ သံသယတရားခံအောင်ကြီးကို လွှတ်ပေးလိုက်ပြီးတဲ့နောက် တာဝန်ရှိရဲအရာရှိတွေက ဒီဇင်ဘာ (၁၉) ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ ဗစ်တိုးရီးယားရဲ့ နာမည်အရင်း ၊ မိဘနာမည် တို့ကို ရဲမှူးချုပ်စိုးနိုင်ဦးနဲ့ ရဲမှူးကြီး သာထွန်းတို့က ထုတ်ဖော်ပြောကြားခဲ့တာပါ။

အဲဒီ သတင်းစာရှင်းလင်းပွဲကို ရဲဇာနည်ဖေ့စ်ဘုတ်ပေ့ချ်မှာလည်း Live ထုတ်လွှင့်ခဲ့သလို ဗစ်တိုးရီးယားရဲ့ အမှုအထောက်အထား ထုတ်ပြန်ခဲ့ရာမှာ ကလေးငယ်နဲ့ မိသားစုတွေရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ပါဝင်နေခဲ့တာပါ။

Share

Loading Next Article...
က္က