တနင်္ဂနွေ အီစတာပွဲတော်ကာလ ဗုံးခွဲတိုက်ခိုက်မှုမှာ လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပြီးနောက် သီရိလကာၤအစိုးရဟာ လူမှုကွန်ရက်များ သုံးစွဲခွင့်ကို ယာယီ ပိတ်ပင်လိုက်ပါတယ်။
Photo: WOODTV.com
သတင်းများစွာမှာ ရိုမန်ကတ်သလစ် ဘုရားကျောင်းများနဲ့အဆင့်မြင့် ဟိုတယ်များ အပါအဝင် ၈ နေရာ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပြီးနောက် လူပေါင်း ၂၀၀ ကျော် အသတ်ခံရပြီး လူရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပြီးနောက် ကာကွယ်ရေးဝန်ကြီး Ruwan Wijewardene မှ အကြမ်းဖက်မှု ဖြစ်ရပ်အဖြစ် ဖော်ပြခဲ့ပြီး ဘာသာရေးအစွန်းရောက်တွေရဲ့ လက်ချက်လို့အပြစ်ဖို့ထားပါတယ်။
ဒီဖြစ်ရပ်ပြီးနောက် သံသယရှိသူ ၇ ဦးကို ဖမ်းဆီးထားပြီး သီရိလကာၤအစိုးရအနေနဲ့ဒီတိုက်ခိုက်မှုအကြောင်း သတင်းအချက်အလက်အမှားကို ဖြန့်ချိမှုကနေ ကာကွယ်ဖို့လူမှုကွန်ရက်တွေကို ပိတ်ချထားတယ်လို့New York Times ကို သမ္မတ အတွင်းဝန် Udaya Seneviratne မှ ပြောကြားထားပါတယ်။
သီရိလကာၤ ဗုံးပေါက်ကွဲမှုဖြစ်ရပ်အပြီးမှာ WhatsApp နဲ့ Facebook တို့ပိတ်ခံထားရသလို YouTube နဲ့Instagram တို့လည်း သုံးလို့မရဘူးလို့ဆိုပါတယ်။ CNET သတင်းမှာ ဖော်ပြချက်အရ သုံးစွဲသူတစ်ချို့အနေနဲ့မိသားစုနဲ့မိတ်ဆွေတွေဆီ Snapdchat နဲ့WhatsApp တို့သုံးပြီး ဆက်သွယ်လို့ရသေးတယ်လို့ဆိုပါတယ်။
သီရိလကာၤအစိုးရဟာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ တစ်နိုင်ငံလုံး Curfew ထုတ်ပြန်ထားပြီး အခြေအနေကို အရေးပေါ် ကိုင်တွယ်မှု လုပ်ဆောင်နေတာပါ။ ဒီဗုံးခွဲတိုက်ခိုက်မှုကို နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern ကလည်း အဖျက်အမှောက်တိုက်ခိုက်မှုအဖြစ် ပြစ်တင်ရှုံ့ချထားပါတယ်။
မကြာသေးမီကလည်း နယူးဇီလန်နိုင်ငံ ဗလီကျောင်း ၂ ခုမှာ တိုက်ခိုက်မှု ဖြစ်ပြီး လူပေါင်း ၅၀ သေဆုံးခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မတ်လလယ်က ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုကို ကျူးလွန်ခဲ့တဲ့ တရားခံဟာ လူသတ်မှုကို Facebook ပေါ် LiveStream လွှင့်ပြီး လုပ်ကြံခဲ့တာ ဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် Facebook လည်း တရားစွဲခံထားရပါတယ်။