မြန်မာကိုယ်စားပြု Esports အသင်း Burmese Ghouls ဟာ Mobile Legends ဂိမ်းရဲ့ ပထမဆုံးကမ္ဘာ့ချန်ပီယံရှစ်ဖြစ်တဲ့ M1 World Championship ပြိုင်ပွဲမှာ စတုတ္ထနေရာထိ ရယူနိုင်ခဲ့ပါတယ်။

    Mobile Legends: Bang Bang ရဲ့ပထမဦးဆုံး World Championship ဖြစ်တဲ့ M1 ပြိုင်ပွဲကြီးကတော့ အောင်မြင်စွာနဲ့ပြီးဆုံးလို့သွားခဲ့ပါပြီ။ ဒီပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအသင်း Burmese Ghouls က စတုတ္ထနေရာနဲ့သာကျေနပ်ခဲ့ရတယ်ဆိုပေမယ့် နိုင်ငံပေါင်း ၁၄ နိုင်ငံက ၁၆ သင်းပါဝင်ခဲ့တဲ့ပြိုင်ပွဲကြီးဖြစ်တာကြောင့် အောင်မြင်မှုကြီးတစ်ခုလို့ဆိုရမှာပါ။

         ဒီပြိုင်ပွဲဟာ Moonton က ပြုလုပ်ခဲ့သမျှတဲ့မှာ အကြီးမားဆုံးနဲ့ ဆုကြေးငွေအများဆုံးချီးမြှင့်တဲ့ပြိုင်ပွဲလို့ ဆိုရမှာပါ။ ဒီပြိုင်ပွဲမှာ MPL ဖိတ်ခေါ်အသင်း ၈ သင်းနဲ့ လက်ရည်စစ်ပွဲကနေတက်လာတဲ့ ၈ သင်း စုစုပေါင်း ၁၆ သင်းတို့ပါဝင်ခဲ့ပါတယ်။ ဆုကြေးကတော့ ဒေါ်လာ ၂၅၀၀၀၀ (မြန်မာငွေ ကျပ်သိန်းပေါင်း ၃၇၇၉ ကျော်) ဖြစ်ပြီး ပထမဆု ဒေါ်လာ ၈၀၀၀၀၊ ဒုတိယဆု ဒေါ်လာ ၄၀၀၀၀၊ တတိယဆု ဒေါ်လာ ၂၀၀၀၀ စသဖြင့် ပြိုင်ပွဲဝင် ၁၆ သင်းစလုံးကိုချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။



         M1 ပြိုင်ပွဲမှာ Burmese Ghouls အသင်းက အုပ်စုအဆင့်မှာတင် ရှုံးပွဲမရှိရလဒ်နဲ့ နောက်တစ်ဆင့်ကို Upper Bracket ကနေ တက်ရောက်ခဲ့ရပါတယ်။ Upper Bracket မှာတော့ M1 ရဲ့ချန်ပီယံအသင်းဖြစ်လာမယ့် Evos Legends အသင်းနဲ့ယှဉ်ပြိုင်ခဲ့ရပြီး ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket ကိုဆင်းခဲ့ရပါတယ်။ Lower Bracket မှာတော့ ဖိလစ်ပိုင်ကိုယ်စားပြု SUNSPARKS အသင်းကို အနိုင်ယူကာ ထိပ်ဆုံး ၄ သင်းထဲဝင်ခဲ့ပေမယ့် နောက်တစ်ပွဲမှာတော့ အိမ်ရှင်မလေးရှားအသင်း TODAK ကိုရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။

Burmese Ghouls အသင်းဟာ M1 လိုပြိုင်ပွဲကြီးကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပေမယ့် အသင်းရဲ့ ပင်တိုင်ကစားသမားတစ်ဦးဖြစ်တဲ့ RubyDD ဟာ နိုင်ငံကူးလက်မှတ်ပြဿနာကြောင့် ဒီပြိုင်ပွဲမှာပါဝင်လာနိုင်ခြင်းမရှိဘဲ နည်းပြဖြစ်သူ PVNDV က အစားထိုးဝင်ရောက်ကာ ဆော့ကစားခဲ့ရပါတယ်။ အခက်အခဲတွေကြားမှာတောင် ဒီအခြေအနေအထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ Burmese Ghouls ကိုတော့ ချီးကျူးရမှာပါ။


         M1 World Championship ရဲ့ ဗိုလ်လုပွဲမှာတော့ Evos Legends နဲ့ RRQ တို့က BO7 ယှဉ်ပြိုင်ဆော့ကစားခဲ့ရပါတယ်။ ထူးခြားချက်တစ်ခုကတော့ ဗိုလ်လုပွဲတက်လာတဲ့ ၂ သင်းစလုံးဟာ အင်ဒိုနီးရှားအသင်းတွေဖြစ်နေကြတာပါပဲ။

BO7 ဆော့ကစားခဲ့ရတဲ့ M1 ဗိုလ်လုပွဲဟာ တော်တော်လေးအကြိတ်အနယ်ရှိခဲ့ပြီး ၇ ပွဲလုံးအပြည့်ဆော့ကစားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ Evos Legends အသင်းက RRQ ကို 4:3 ရလဒ်နဲ့အနိုင်ရရှိခဲ့ကာ ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက်လုံးရဲ့ အကောင်းဆုံးကစားသမားဆု (MVP Award) ကိုတော့ Evos Legends အသင်းက Oura က ဆုကြေးငွေ ဒေါ်လာ ၃၀၀၀ နဲ့အတူ ရရှိခဲ့ပါတယ်။


         စတုတ္ထနေရာရရှိခဲ့တဲ့ Burmese Ghouls အသင်းဟာ ဒေါ်လာ ၁၂၀၀၀ (မြန်မာငွေ ကျပ်သိန်း ၁၈၀ ကျော်) ကို ဆုကြေးငွေအဖြစ် ရရှိမှာပါ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေ၊ Esports ကိုတရားဝင်အားပေးတဲ့နိုင်ငံတွေအများကြီးပါဝင်တဲ့ ပြိုင်ပွဲမှာ ကစားသမားမစုံဘဲ စတုတ္ထနေရာအထိရယူပြီး မြန်မာတွေမညံ့ကြောင်း သက်သေပြပေးခဲ့တဲ့ Burmese Ghouls ဟာ လက်ခုပ်သံတွေနဲ့ချီးမြှင့်ခံရဖို့ တကယ်ပဲထိုက်တန်လှပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က