ဗြိတိန်နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင်တွေကို စစ်တပ်က တနင်္လာနေ့ (အောက်တိုဘာ ၄ ရက်) မှစပြီး ဓာတ်ဆီများ ပို့ဆောင်သွားမယ်လို့ အစိုးရက ပြောပါတယ်။
ယာဥ်မောင်း ၁၀၀ ပါဝင်တဲ့ စစ်ဘက်အမှုထမ်း အမျိုးသားနဲ့ အမျိုးသမီး ၂၀၀ နီးပါးက စက်သုံးဆီအရောင်းဆိုင်တွေမှာ ဖိအားများနေမှုကို လျှော့ချရန် ယာယီ ကူညီထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။ ထို့အတူ နိုင်ငံခြားသား စက်သုံးဆီတင်ယာဥ်မောင်း ၃၀၀ အထိကိုလည်း လာမယ့် မတ်လအထိ ဗြိတိန်မှာ ချက်ချင်း လာရောက်အလုပ်လုပ်ကိုင်ခွင့်ပြုမယ်လို့ သက်ဆိုင်ရာဝန်ကြီးတွေက ကြေညာပါတယ်။
(Photo: Christopher Furlong/Getty Images)
စက်သုံးဆီတင်ယာဥ်မောင်းများ မလုံလောက်ရာမှ လောင်စာဆီပို့ဆောင်ရေး နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုသီတင်းပတ်အတွင်း ဗြိတိန်နိုင်ငံတစ်ဝန်း စက်သုံးဆီအရောင်းဆိုင်တွေမှာ ကားများ ရှည်လျားစွာ တန်းစီစောင့်ဆိုင်းနေခဲ့ကြရပါတယ်။ တာဝန်ရှိသူတွေကတော့ လူတွေက ၎င်းတို့ ဝယ်ယူနေကျ ပုံမှန်နှုန်းအတိုင်း ဝယ်ယူပါက လောင်စာဆီ လုံလောက်တယ်လို့ ဆိုပါတယ်။
စက်သုံးဆီအရောင်းဆိုင်တွေမှာ အခြေအနေ တိုးတက်လာနေပြီး နောက်ထပ် စက်သုံးဆီတွေကို ပို့ဆောင်ပေးနေကြောင်းလည်း ၎င်းတို့က ပြောပါတယ်။ သို့သော် နိုင်ငံရဲ့ အချို့နေရာတွေမှာ အခြားနေရာတွေထက် ပိုမိုဆိုရွားတဲ့ သက်ရောက်မှုရှိကြောင်း တာဝန်ရှိသူတွေက ဝန်ခံခဲ့ပါတယ်။
(Photo: PA Media)
ဗြိတိန်ရှိ စက်သုံးဆီအရောင်းဆိုင် ၈,၃၀၀ အနက် ၅,၅၀၀ နီးပါးကို ကိုယ်စားပြုဖွဲ့စည်းထားတဲ့ စက်သုံးဆီ လက်လီရောင်းသူများအဖွဲ့အစည်း (Petrol Retailers Association) က ၎င်းတို့ရဲ့ အဖွဲ့ဝင်ဆိုင်တွေအတွက် အဆင်ပြေစေမယ့် အပြောင်းအလဲ အနည်းငယ်မျှသာရှိခဲ့သေးကြောင်း ယမန်နေ့ (အောက်တိုဘာ ၁ ရက်) မှာ ပြောပါတယ်။
ထိုအဖွဲ့အစည်းက ဗြိတိန်တစ်ဝန်း စက်သုံးဆီအရောင်းဆိုင် ၁,၁၀၀ ကို စစ်တမ်းကောက်ယူပြီး အောက်တိုဘာ ၁ ရက်နေ့မှာ ထုတ်ပြန်မှုအရ ၂၆ ရာခိုင်းနှုန်းဟာ ဓာတ်ဆီရော ဒီဇယ်ပါ မရှိတော့ကြောင်းနဲ့ ယခင်ရက်က ၂၇ ရာခိုင်နှုန်းကနေ အနည်းငယ် လျော့ကျလာခဲ့တယ်လို့ ဆိုပါတယ်။ ဗြိတိန်တာဝန်ရှိသူတွေကတော့ ယခုဖြစ်ပေါ်နေတဲ့ အခြေအနေဟာ လောင်စာဆီပြတ်လပ်မှုမဟုတ်ဘဲ လောင်စာဆီတင်ယာဥ်မောင်း မလုံလောက်ရာမှ ပို့ဆောင်ရေး နှောင့်နှေးမှုကြောင့်ဖြစ်တယ်လို့ ပြောထားပါတယ်။