စမ်းသပ်မှုတွေအရ ဆေးရုံတက်ရမှု သို့မဟုတ် သေဆုံးမှုအန္တရာယ်ကို ထက်ဝက်ခန့် လျှော့ချပေးနိုင်ကြောင်း တွေ့ရှိထားပါတယ်

ဗြိတိန်နိုင်ငံက COVID-19 ကုသရေးမှာ အပြောင်းအလဲဖြစ်လာနိုင်တဲ့ သောက်ဆေးတစ်မျိုးကို တရားဝင် ခွင့်ပြုချက်ပေးလိုက်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။

အမေရိကန်ဆေးဝါးကုမ္ပဏီ Merck & Co နဲ့ Ridgeback Biotherapeutics ဇီဝနည်းပညာကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်တဲ့ Molnupiravir အမည်ရှိ ဗိုင်းရပ်စ်သတ် သောက်ဆေးကို ဗြိတိန်က COVID-19 ကုသရာမှာ အသုံးပြုရန် တရားဝင် ခွင့်ပြုချက်ပေးသွားမယ်လို့ သိရပါတယ်။ Molnupiravir သောက်ဆေးဟာ ကပ်ရောဂါတိုက်ဖျက်ရေးမှာ တိုးမြှင့်စွမ်းဆောင်လာနိုင်ရန် အလားအလာရှိနေပါတယ်။



ဗြိတိန် Medicines and Healthcare products Regulatory Agency (MHRA) က Molnupiravir သောက်ဆေးကို COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက်ပိုင်းနဲ့ ရောဂါလက္ခဏာများ စတင်ဖြစ်ပွားပြီး ငါးရက်အတွင်း ဖြစ်နိုင်သမျှ အမြန်ဆုံး အသုံးပြုရန် ထောက်ခံထားပါတယ်။ ယခုဆေးဟာ COVID-19 ကုသရေးအတွက် တရားဝင်ခွင့်ပြုချက်ရမယ့် ပထမဆုံး ဗိုင်းရပ်စ်သတ်ဆေး သောက်ဆေးလည်း ဖြစ်လာပါတယ်။

(Photo: Reuters)

အဆိုပါ သောက်ဆေးကို အမေရိကန် ဆေးဝါးကွပ်ကဲရေးအာဏာပိုင်အဖွဲ့ကလည်း ခွင့်ပြုချက်ပေးသွားမယ့် အလာအလားရှိနေပါတယ်။ အမေရိကန် ကျွမ်းကျင်သူအဖွဲ့က က Molnupiravir သောက်ဆေးကို COVID-19 ကုသရေးအတွက် တရားဝင် ခွင့်ပြုချက်ပေးသင့် မသင့် ယခုလအတွင်း မဲခွဲသွားမယ်လို့ သိရပါတယ်။ Molnupiravir ကို ဗြိတိန်မှာ Lagevrio အမှတ်တံဆိပ်ဖြင့် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

Molnupiravir ဗိုင်းရပ်စ်သတ်ဆေးဟာ ရောဂါမပြင်းထန်တဲ့ အရွယ်ရောက်ပြီးသား COVID-19 ကူးစက်ခံသူတွေမှာ ဆေးရုံတက်ရမှု သို့မဟုတ် သေဆုံးမှု အန္တရာယ်ကို ထက်ဝက်ခန့် လျှော့ချပေးနိုင်ကြောင်း နောက်ပိုင်းအဆင့် စမ်းသပ်မှုတစ်ခုမှာ တွေ့ရှိထားပါတယ်။ ထိုဆေးဟာ လူနာတွေအနေနဲ့ အလွယ်တကူရရှိနိုင်ပြီး မိမိအိမ်မှာပင် သောက်သုံးနိုင်တာကြောင့် အစိုးရအချို့ကတော့ သက်ဆိုင်ရာ ဆေးဝါးကွပ်ကဲမှုအဖွဲ့တွေက ခွင့်ပြုချက်မပေးမီကပင် ကြိုတင်မှာကြားထားမှုတွေ ရှိနေခဲ့ပါတယ်။

-Molnupiravir ဆေးအကြောင်း သိထားသင့်တဲ့အချက်အချို့ကို ဒီမှာနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က