လွှတ်တော်အမတ်ဟာ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံပွဲပြုလုပ်စဥ် ဓားနဲ့ အချက်ရေအများအပြား ထိုးသတ်ခံခဲ့ရပါတယ်

ဗြိတိန်လွှတ်တော်အမတ်တစ်ဦး ဓားဖြင့်ထိုးသတ်ခံရမှုကို အကြမ်းဖက်ဖြစ်ရပ်အဖြစ် ရဲတပ်ဖွဲ့က ကြေညာလိုက်ကြောင်း သိရပါတယ်။

ကွန်ဆာဗေးတစ်ပါတီ လွှတ်တော်အမတ် ဆာဒေးဗစ်အေမက်စ်ဟာ အင်္ဂလန်တောင်ပိုင်း Essex ဒေသ Leigh-on-Sea မြို့လေးမှာ မဲဆန္ဒရှင်တွေနဲ့ သောကြာနေ့ (အောက်တိုဘာ ၁၅ ရက်) က တွေ့ဆုံပွဲပြုလုပ်စဥ် ဓားနဲ့ အချက်ရေအများအပြား ထိုးသတ်ခံခဲ့ရပါတယ်။ ယခုဖြစ်ရပ်ဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ဗြိတိန်နိုင်ငံရေးသမားတစ်ဦး မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံစဥ် အသတ်ခံရတဲ့ ဒုတိယမြောက် ဖြစ်ရပ်လို့ဆိုပါတယ်။



(Photo: Reuters)

မြို့တော်ရဲတပ်ဖွဲ့က ယခုတိုက်ခိုက်မှုဟာ အစ္စလာမ်မစ်အစွန်းရောက်မှုနဲ့ ဆက်နွယ်နေတဲ့လုပ်ရပ် ဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်။ လူသတ်မှုဖြင့် သံသယရှိသူ အသက် ၂၅ နှစ်အရွယ် ဗြိတိန်အမျိုးသားတစ်ဦးကို အခင်းဖြစ်နေရာမှာ ဖမ်းဆီးခဲ့ပါတယ်။ လွှတ်တော်အမတ် အသတ်ခံရမှုနဲ့ ဆက်စပ်ပြီး နောက်ထပ် ရှာဖွေနေသူမရှိဘူးလို့ ရဲကပြောပါတယ်။

စုံစမ်းစစ်ဆေးမှုအဖြစ် ရဲတပ်ဖွဲ့က လန်ဒန်မြို့ ဧရိယာအတွင်းရှိ နေရပ်လိပ်စာ နှစ်ခုကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရပါတယ်။ ယခုတိုက်ခိုက်မှုကို သံသယတရားခံက တစ်ကိုယ်တော် လုပ်ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပေမဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ အခြေအနေတွေကို ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်။

(Photo: House of Commons)

လွှတ်တော်အမတ်ကို အကြမ်းဖက်သတ်ဖြတ်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ သံသယရှိသူဟာ ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ ဗြိတန်နိုင်ငံသားတစ်ဦးဖြစ်ပြီး ဆိုမာလီယာနိုင်ငံဖွား ဖြစ်ပုံရတယ်လို့ အစိုးရသတင်းရင်းမြစ်တွေက BBC သတင်းဌာနကို ပြောပါတယ်။ ဓားနဲ့ထိုးသတ်ခံရတဲ့ အသက် ၆၉ နှစ်အရွယ် ဆာဘွဲ့ရ ဒေးဗစ်ဟာ Southen West ကိုယ်စားပြု လွှတ်တော်အမတ်ဖြစ်ပြီး Belfairs Methodist ဘုရားကျောင်းမှာ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံနေစဥ် ဗြိတိန်စံတော်ချိန် အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်အချိန် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

(Photo: Anthony Fitch)

"Leigh-on-Sea မှာ ဓားနဲ့ထိုးသတ်မှုကို အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးမှုနဲ့အတူ အကြမ်းဖက်ဖြစ်ရပ်အဖြစ် ဒီနေ့ည ကြေညာပါတယ်၊ အစောပိုင်း စုံစမ်းစစ်ဆေးမှုတွေအရ အစ္စလာမ်မစ်အစွန်းရောက်မှုနဲ့ ဆက်နွယ်နိုင်တဲ့ လုပ်ရပ်တစ်ခုဖြစ်နိုင်ပါတယ်" လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဓားနဲ့ထိုးသတ်ခံရတဲ့ ဆာဒေးဗစ်ဟာ ၁၉၈၃ ခုနှစ်ကတည်းက Basildon မဲဆန္ဒနယ်ကိုယ်စားပြု လွှတ်တော်အမတ်ဖြစ်ခဲ့ပါတယ်။ ထို့နောက် ၁၉၉၇ ခုနှစ်ကနေ အသတ်ခံရချိန်အထိ Southend West ကိုယ်စားပြု လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က