လွှတ်တော်ရဲ့ အိမ်သာတွေထဲမှာ ကိုကင်းအစအနများ တွေ့ရတယ်လို့ သတင်းထွက်ပေါ်လာပါတယ်

ဗြိတိန် အောက်လွှတ်တော်ထဲမှာ မူးယစ်ဆေးဝါးသုံးစွဲမှုရှိကြောင်း စွပ်စွဲမှုတွေကို မြို့တော်ရဲတပ်ဖွဲ့နဲ့အတူ ယခုသီတင်းပတ်အတွင်း ပူးပေါင်းစုံစမ်းသွားမယ်လို့ အောက်လွှတ်တော် (House of Commons) ဥက္ကဌ ဆာလင်ဆေးဟိုလီက ကတိပြုခဲ့ပါတယ်။

(အောက်လွှတ်တော်ဥက္ကဌ ဆာလင်ဆေးဟိုလီ) (Photo: PA Media)

Sunday Times သတင်းမှာ ဖော်ပြမှုအရ လွှတ်တော်အဆောက်အအုံရဲ့ အိမ်သာနေရာများထဲမှာ ကိုကင်းအစအနများ တွေ့ရှိရတဲ့ကိစ္စဟာ အလေးထားစရာဖြစ်ကြောင်း ၎င်းကဆိုပါတယ်။ ဥပဒေချိုးဖောက်သူတွေကို ပြစ်ဒဏ်ချမှတ်သင့်တယ်လို့လည်း ဆာလင်ဆေးက BBC သတင်းဌာနကို ပြောခဲ့ပါတယ်။



လွှတ်တော်ထဲမှာ မူးယစ်ဆေး အလွဲသုံးစားလုပ်မှုတွေရှိတယ်လို့ Sunday Times က ဖော်ပြမှုဟာ အလေးအနက်ထားစရာကိစ္စပါ

အစိုးရက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် သုံးနှစ်အတွင်း ပေါင်စတာလင် သန်း ၇၀၀ အသုံးပြုမယ်လို့ ကတိပြုရန်ရှိနေစဥ် အောက်လွှတ်တော်ဥက္ကဌရဲ့ ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်အစိုးရရဲ့ အစီအစဥ်အရ မူးယစ်ဆေးစွဲသူတွေကို ပြန်လည်ထူထောင်ရေး ပိုမိုအာရုံစိုက်ပြီး တရားမဝင် မူးယစ်ဆေးနဲ့အတူ ဖမ်းမိသူတွေကို ပြစ်ဒဏ်လျော့ပေါ့ရေးတို့ ပါဝင်ပါတယ်။

(ဗြိတိန် အောက်လွှတ်တော် အစည်းအဝေးခန်းမ) (Photo: PA Media)

Sunday Times က ဖော်ပြမှုအရ ဗြိတိန်လွှတ်တော်ထဲရှိ အိမ်သာ ၁၂ ခုအနက် တစ်ခုကလွဲပြီး အားလုံးမှာ ကိုကင်းအစအနများ စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းစစ်ဆေးရာမှာ မူးယစ်ဆေးသုံးစွဲသူတွေကို အနံ့ခံခွေးများသုံးပြီး ရှာဖွေခွင့်ပြုရန် စဥ်းစားနေကြောင်း သိရပါတယ်။

"လွှတ်တော်ထဲမှာ မူးယစ်ဆေး အလွဲသုံးစားလုပ်မှုတွေရှိတယ်လို့ Sunday Times က ဖော်ပြမှုဟာ အလေးအနက်ထားစရာကိစ္စပါ၊ ဒီကိစ္စကို ဦးစားပေးအအနေနဲ့ လာမယ့် သီတင်းပတ်ထဲမှာ မြို့တော်ရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ဥပဒေအရ အပြည့်အဝနဲ့ ထိထိရောက်ရောက်ဖြစ်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်" လို့ လွှတ်တော်ဥက္ကဌက ပြောပါတယ်။

(ဗြိတိန် လွှတ်တော်အဆောက်အအုံ မြင်ကွင်းတစ်ခု) (Photo: Getty Images)

ဗြိတိန်မှာ ကိုကင်း (cocaine) အပါအဝင် Class A အဆင့် မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်မှုအတွက် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၇ နှစ်အထိ သို့မဟုတ် ကန့်သတ်မထားတဲ့ ငွေဒဏ်၊ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ပါတယ်။ မူးယစ်ဆေးဝါးရောင်းသူတွေကိုတော့ ထောင်ဒဏ်တစ်သက်အထိ၊ ကန့်သတ်မထားတဲ့ ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း သိရပါတယ်။

မြို့တော်ရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ဥပဒေအရ အပြည့်အဝနဲ့ ထိထိရောက်ရောက်ဖြစ်ဖို့ မျှော်လင့်ပါတယ်

Office for National Statistics (ONS) က နောက်ဆုံးထုတ်ပြန်ထားတဲ့ အင်္ဂလန်အတွက် စာရင်းအချက်အလက်တွေအရ ၂၀၂၀ ခုနှစ် မတ်လအထိ တစ်နှစ်အတွင်း အသက် ၁၆ နှစ်မှ ၅၉ နှစ်အရွယ် ၁၁ ဦးအနက် တစ်ဦးက မူးယစ်ဆေးတစ်မျိုး သုံးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အဆိုပါ အသက်အရွယ်အုပ်စုရဲ့ ၃.၄ ရာခိုင်နှုန်းဖြစ်တဲ့ ခန့်မှန်းခြေ လူဦးရေ ၁.၁ သန်းဟာ ထိုအချိန်ကာလတူအတွင်း Class A အဆင့် မူးယစ်ဆေးဝါးတစ်မျိုးကို သုံးစွဲခဲ့ကြောင်းလည်း ONS ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

Share

က္က