အသင်းအတွက် ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူဒီကလန်ရိုက်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေမှုမှာ မအောင်မမြင်ဖြစ်နေတဲ့ ဝက်စ်ဟမ်းက ကစားသမားကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောင်းချဖို့ပြင်ဆင်နေပြီလို့ သိရပါတယ်။ အင်္ဂလန်ကွင်းလယ်လူဟာ ဝက်စ်ဟမ်းအတွက် ဒီရာသီမှာ ခြေစွမ်းအရရော၊ ခေါင်းဆောင်မှုပိုင်းအရပါ ဦးဆောင်ကစားပေးနေတာဖြစ်ပါတယ်။
ဒေးဗစ်မိုယက်စ်က သူ့ရဲ့အားအကိုးရဆုံးကစားသမားကို လက်လွှတ်မခံချင်ပေမယ့်လည်း ကစားသမားကတော့ အသင်းကြီးတသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ မရောင်းချချင်ပေမယ့်လည်း စာချုပ်သစ်အဆင်မပြေတဲ့နောက်မှာ နည်းပြနဲ့ ဘုတ်အဖွဲ့က ဒီကလန်ရိုက်ကို ပေါင်သန်း ၁၅၀ ထက် နည်းပါးတဲ့စျေးနှုန်းမျိုးနဲ့ဆို မရောင်းချဖို့ ဆုံးဖြတ်ခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။
ဒိတန်ဖိုးဟာ ဗီလာကနေ မန်စီးတီးကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဂျက်ဂရီလစ်ရှ်ရဲ့ တန်ဖိုးထက် ပေါင်သန်း ၅၀ များပြားနေတာလည်းဖြစ်ပါတယ်။ ဒီကလန်ရိုက်ကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းက ထိပ်ဆုံးကနေ ရေပန်းစားနေပြီး ရာသီကုန်မှာ အိုးထရက်ဖို့ဒ်ကနေ အလွတ်ထွက်ခွာသွားနိုင်တဲ့ ပေါ့ဂ်ဘာနေရာကို အစားထိုးဖို့အတွက်လို့ ဆိုပါတယ်။
အခြားသော အင်္ဂလန်ကလပ်တွေထဲမှာတော့ ဒီကလန်ရိုက်စ်ကို အလွန်အမင်းစိတ်ဝင်စားတဲ့ အသင်းမရှိသလောက်ဖြစ်နေပြီး ချယ်လ်ဆိးကလည်း ဒဏ်ခတ်ပိတ်ဆို့ခံထားရလို့ ကစားသမားအပြောင်းအရွှေ့မလုပ်ဆောင်နိုင်ဖြစ်နေကာ ယူနိုက်တက်က ရေပန်းအစားဆုံးဖြစ်နေတာပါ။ ဒါပေမယ့်လည်း ဆိုခဲ့တဲ့အတိုင်း အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူအတွက် ဗြိတိန်စံချိန်တင်ကြေးရမှသာ လက်လွှတ်ခံဖို့ ဝက်စ်ဟမ်းက ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။