ပလက်ဖောင်းပေါင်းစုံမှာ နာမည်ကြီးခဲ့တဲ့ Shooter ဂိမ်း Call Of Duty ကို Mobile မှာပါ ထုတ်ပေးတော့မယ်လို့ ကြေညာထားကတည်းက စောင့်မျှော်နေသူအတွက်တော့ သတင်းကောင်းတစ်ခုပါပဲ။
၂၀၁၇ ခုနှစ်ကစလို့ ကမ္ဘာ့အကြီးမားဆုံး ဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Tencent က Developer အဖြစ်တာဝန်ယူထားပြီး Activision Publishing, Inc. က ဖြန့်ချိမယ့် ဒီ Call Of Duty Mobile ကိုတော့ အောက်တိုဘာလ ၁ ရက်နေ့မှာ တစ်ကမ္ဘာလုံးတစ်ပြေးညီ ဆော့ကစားနိုင်တော့မှာဖြစ်ပါတယ်။
ဒီဂိမ်းကို အချို့နိုင်ငံတွေမှာ သြဂုတ်လ ၁၅ ရက်နေ့ကတည်းက တရားဝင်ကစားခွင့်ပေးခဲ့ပေမယ့် တစ်ကမ္ဘာလုံးစာ တရားဝင်ဖြန့်ချိမှာကတော့ အောက်တိုဘာ ၁ ရက်နေ့မှပါ။ ဂိမ်းမထွက်ခင်ကတည်းက Preregister ပြုလုပ်သူပေါင်းဟာ တရုတ်နိုင်ငံတစ်နိုင်ငံတည်းမှာတင် သန်း ၆၀ ကျော်ရှိခဲ့ပြီး မေလအရောက်မှာတော့ Google Play Store မှာ ဒီဂိမ်းကို Preregister ပြုလုပ်သူပေါင်း ၁၀ သန်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီဂိမ်းကို Android ရော iOS ရောမှာပါကစားနိုင်မှာဖြစ်ပြီး တစ်ရက်တည်းအတူတူ ဖြန်ချိပေးသွားမှာပဲဖြစ်ပါတယ်။
Call Of Duty Mobile မှာ အရင်ကနာမည်ကြီးခဲ့တဲ့ Modern Warfare, Black Ops တို့တုန်းက မြေပုံတွေ၊ လက်နက်တွေ၊ ဇာတ်ကောင်တွေပါဝင်လာမှာပါ။ ပရိသတ်အကြိုက်ဆုံး မြေပုံတွေဖြစ်ခဲ့တဲ့ Nuketown, Hikjacked, Crash နဲ့ Crossfire တို့အပြင် John Price, David Mason, Simon “Ghost” Riley, Thomas Merrick, Alex Mason စတဲ့ ဇာတ်ကောင်တွေကိုပါ Mobile ဗားရှင်းမှာ တွေ့ရမှာပဲဖြစ်ပါတယ်။
Game Mode တွေအနေနဲ့ကတော့ Team Deathmatch, Search and Destroy, Free-For-All တို့အပြင် ကစားသမားအယောက် ၁၀၀ ပါဝင်ဆော့ကစားနိုင်မယ့် Battle Royale Mode လည်းပါဝင်လာမှာပါ။ Battle Royale Mode မှာ မြင်တွေ့နေကျအတိုင်း Solo, Duo နဲ့ Squad ကိုမှာ TPP ရော FPP ပါဆော့ကစားနိုင်မှာပဲဖြစ်ပါတယ်။
Beta ဗားရှင်းကိုအစမ်းကာလအဖြစ် ကစားခွင့်ပေးခဲ့တုန်းက Zombie Mode ပါဝင်လာပေမယ့် တရားဝင်ဖြန့်ချိပေးမယ်ဗားရှင်းမှာတော့ Zombie Mode ပါဝင်မယ်လို့ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပါဘူး။ Call of Duty Mobile ကို တရားဝင်ကစားနိုင်ဖို့ တစ်ပတ်ခန့်သာ ထပ်စောင့်ရတော့မှာဖြစ်တာကြောင့် အချိန်အကြာကြီးစောင့်ခဲ့သူတွေအတွက်တော့ ဝမ်းသာစရာပါ။ ထွက်လာခဲ့ရင်လည်း မိုဘိုင်းဂိမ်းဈေးကွက်မှာ ကစားသမားအခိုင်အမာရထားတဲ့ PUBG: Mobile လိုဂိမ်းမျိုးနဲ့ ပုခုံးချင်းယှဉ်နိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
Written by Myo Thant Kyaw