မြောက်ဒဂုံပင်လုံလမ်းမပေါ်က CB ဘဏ်ခွဲမှာ ခြိမ်းခြောက် ငွေလုယက်ခဲ့မှုမှာ ကျုးလွန်သူကို ဖမ်းဆီးရမိပြီလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
အဆိုပါအမှုကိုရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ချက်အရ ဒဂုံမြို့သစ်မြောက်ပိုင်း အင်ကြင်းလမ်းအမှတ်(၃၃)ရပ်ကွက်နေ တရားခံ စိုးကျော်ကျော်ကို ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ ယာဉ်၊ လုယက်သွားသော မြန်မာငွေကျပ် သိန်း(၃၇၀)ကျော်၊ လုယူငွေများဖြင့် လဲလှယ်ထားသော အမေရိကန်ဒေါ်လာ(၇၀၀၀) တို့နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၁ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ် ။
လုယက်မှု ကျူးလွန်ခဲ့သူဟာ သေနတ်အတု၊ ဗုံးအတုတို့ဖြင့် ပြစ်မှုကျူးလွန် ခဲ့ခြင်းဖြစ်တာကြောင့်၊ အများပြည်သူများအနေဖြင့်လည်း စိုးရိမ်ထိတ်လန့်ဖွယ်စရာ မလိုဘူးလို့ ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်မှာ အမျိုးသားတစ်ဦးက ဘဏ်ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဗုံးဟု ယူဆရသော အရာ၀တ္ထုကို ချထားခဲ့ပြီး ငွေကျပ်သိန်း(၆၀၀)ခန့် လုယူထွက်ပြေးမှုဖြစ်ပွားခဲ့တာပါ။
ဒါကြောင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၃၂၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ရာ ၄ ရက်အကြာမှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။