ထင်ပေါ်ကျော်ကြားသူတွေကို ဦးတည်ပြီး လိင်ပိုင်းထိပါးတဲ့ content တွေ တင်တာကို စတင်ဖယ်ရှားတော့မယ်လို့ Facebook က ကြေညာပါတယ်။
Facebook ဟာ ကုမ္ပဏီရဲ့ စော်ကားပြောဆိုမှုနဲ့ ထိပါးနှောက်ယှက်မှုဆိုင်ရာမူဝါဒကို အသစ်ပြင်ဆင်မှုတွေ လုပ်နေပြီး မူဝါဒသစ်မှာ သုံးစွဲသူတွေကို ဝိုင်းပြီး ထိုးနှက်တိုက်ခိုက်တာမျိုးကို ကာကွယ်ဖို့ပါ လုပ်ဆောင်နေတာပါ။ Facebook ရဲ့ အသစ်ပြင်ဆင်လိုက်တဲ့ မူဝါဒသစ်မှာ Cele လို့ ခေါ်ကြတဲ့ ထင်ပေါ်ကျော်ကြားသူတွေ ၊ နိုင်ငံရေးသမားနဲ့ content creators တွေအပါအဝင် လူအများအာရုံစိုက်ခံရသူတွေကို ပစ်မှတ်ထားပြီး လိင်ပိုင်စော်ကားပြောဆိုတဲ့ Profiles ၊ pages ၊ Groups နဲ့ events တွေကို လူမှုကွန်ရက်ပလက်ဖောင်းပေါ်ကနေ ဖယ်ရှားတော့မှာ ဖြစ်တယ်လို့ The Verge သတင်းမှာ ဖော်ပြထားပါတယ်။
Photo: WAMC
ဒီမူဝါဒသစ်ကို အောက်တိုဘာ ၁၃ ရက်နေ့က အမေရိကန်နိုင်ငံ အနိုင်ကျင့်မှုကာကွယ်ရေးနဲ့ အသိပညာပေးရေးအမျိုးသားနေ့မှာ ကြေညာခဲ့တာပါ။ Facebook ရဲ့ ဘေးကင်းရေးဆိုင်ရာ Global Head ဖြစ်သူ အန်တီဂွန်း ဒါဗစ်က သူ့ရဲ့ ဘလော့ဂ်ကနေ ကြေညာသွားတာ ဖြစ်ပါတယ်။
"နိုင်ငံရေးသမားပဲ ဖြစ်ဖြစ် ဂျာနယ်လစ် ၊ ဆယ်လီဘရစ်တီ ၊ creators တွေပဲ ဖြစ်ဖြစ် အများအကြားထင်ရှားသူတွေဟာ သူတို့ရဲ့ Followers တွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ဖို့ Facebook နဲ့ Instagram ကို သုံးကြပါတယ်။ အခုလို အပြောင်းအလဲလုပ်ရတာကလည်း လိင်ပိုင်းဆိုင်ရာ ဦးတည်တိုက်ခိုက်မှုတွေဟာ ထင်ရှားသူတစ်ဦးရဲ့ ပုံရိပ်ကို ဖျက်ဆီးနိုင်တာကြောင့် ဖြစ်ပါတယ် " လို့ ဒါဗစ်က ဆိုပါတယ်။
Facebook ဟာ ထင်ပေါ်ကျော်ကြားသူတွေကို အသရေဖျက်ဖို့ ရည်ရွယ်ပြီး ဖန်တီးထားတဲ့ ဖိုတိုရှော့ပ်တွေ ၊ ရေးဆွဲမှုတွေနဲ့ content တွေကို ပိတ်ပင်သွားမှာပါ။ content တွေ ဖယ်ရှားမှုနဲ့အတူ လူထုအသံကို နှုတ်ပိတ်အောင် ပူးပေါင်းတိုက်ခိုက်နေတဲ့ အစိုးရကျောထောက်နောက်ခံနဲ့ အတိုက်အခံကွန်ရက် အကောင့်တွေ ၊ Pages နဲ့ Groups တွေကိုလည်း ဖယ်ရှားသွားမယ်လို့ ကြေညာထားပါတယ်။ ဥပမာ closed private groups တွေ သုံးပြီး အစိုးရနောက်ခံ အဖွဲ့အစည်းတွေအနေနဲ့ အစိုးရအတိုက်အခံပုဂ္ဂိုလ်တွေရဲ့ profiles ပေါ် အကုန်လုံးဝိုင်းပေါင်းပြီး ပို့စ်တွေတင်ခြင်း (coordinate mass posting) လုပ်တာမျိုးတွေ ဖြစ်ပါတယ်။
စက်တင်ဘာလထဲမှာပဲ အများပြည်သူဆွေးနွေးကြတဲ့ အကြောင်းအရာကို နောက်ကွယ်ကနေ ထိန်းချုပ်ကိုင်တွယ်နေတဲ့ အကောင့် ၊ Pages နဲ့ Groups ပေါင်း ၁၂၅၉ ခုကို Facebook ပိုင် လူမှုကွန်ရက်တွေပေါ်ကနေ ဖြုတ်ချခဲ့ပါတယ်။