အမေရိကန်ဈေးကွက်ထဲ ဝင်မယ့် တန်ဖိုးသင့် Nokia C စီးရီးနဲ့ G စီးရီး ဖုန်းတွေ ထွက်လာပြီ ဖြစ်ပါတယ်။
HMD Global ကုမ္ပဏီဟာ Nokia C100 ၊ Nokia C200 ၊ Nokia G100 ၊ Nokia G400 ဆိုပြီး မော်ဒယ်သစ် ၄ မျိုးကို ကြေညာခဲ့တာပါ။ အမေရိကန်ဈေးကွက်အပြင် တခြားဈေးကွက်တွေမှာလည်း ဒီထုတ်ကုန် ၄ မျိုးထဲက တချို့ကို ရောင်းချသွားဖို့ ရှိပါတယ်။ ဖုန်း ၄ မျိုးစလုံးကတော့ ဒေါ်လာ ၂၅၀ အောက်တန် ထုတ်ကုန်တွေအဖြစ် ထွက်လာတာပါ။
Photo: Gizmochina
Nokia C100 နဲ့ C200 မှာ တူတဲ့ အချက်အတော်များများ ရှိပါတယ်။ ဒီဖုန်းနှစ်မျိုးစလုံးဟာ MediaTek Helio A22 Chipset ၊ RAM 3GB/32GB Storage ၊ Android 12 OS ၊ 4000mAh ဘက်ထရီနဲ့ကျောဘက်ကင်မရာ တစ်လုံးတည်းပဲ သုံးထားတာပါ။ Nokia C200 က ၆.၁ လက်မဆိုဒ် နဲ့ Nokia C100 က ၅.၈ လက်မဆိုဒ် Display တွေနဲ့ လာပါတယ်။ ဈေးနှုန်းအနေနဲ့ Nokia C100 နဲ့ C200 ကို ၉၉ ဒေါ်လာ (မြန်မာငွေ ၁ သိန်း ၈ သောင်းခန့်) နဲ့ ၁၁၉ ဒေါ်လာ (မြန်မာငွေ ၂ သိန်း ၁ သောင်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။
Nokia G Series တွေကတော့ C Series တွေထက် ပိုမြင့်တယ်လို့ ဆိုရမှာပါ။ Nokia G100 ဟာ ၆.၅ လက်မဆိုဒ် HD+ Display နဲ့လာပြီး Snapdragon 615 Chipset နဲ့ 5000mAh ဘက်ထရီတို့ ပါရှိပါတယ်။ ကျောဘက်မှာ ကင်မရာ သုံးလုံးတပ်ဆင်ထားပြီး ဖုန်းညာဘက်ဘေးဘောင် ပါဝါခလုတ်ထဲမှာ လက်ဗွေဖတ်စနစ် တပ်ဆင်ထားပါတယ်။ ဈေးနှုန်း ၁၄၉ ဒေါ်လာဖြစ်လို့ မြန်မာငွေနဲ့ဆို ၂ သိန်း ၆ သောင်းခွဲလောက် ပေါက်နိုင်ပါတယ်။
Photo: Gizmochina
ဖုန်းသစ် ၄ မျိုးမှာ ဈေးအမြင့်ဆုံး Nokia G400 ကတော့ 5G ဖုန်းအဖြစ် ထွက်လာတာပါ။ waterdrop notch Display နဲ့ပဲ လာပြီး 120Hz Refresh Rate ပါရှိပါတယ်။ Snapdragon 480 5G Chispet ၊ RAM 6GB/128GB storage တို့ ပါရှိပြီး ကျောဘက်မှာ 48MP Main sensor ၊ Ultrawide Lens နဲ့ Macro ကင်မရာတို့ သုံးထားပါတယ်။ HMD Global ရဲ့ ဈေးအသက်သာဆုံး 5G ဖုန်းဖြစ်ပြီး ၂၃၉ ဒေါ်လာ (မြန်မာငွေ ၄ သိန်း ၂ သောင်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။