ကာဗွန်စွန့်ပစ်မှု လျှော့ချဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ iPhone ကို Charger မပါဘဲ ရောင်းတဲ့ Apple ကို ဘရာဇီးတရားရုံးက ပညာပေးလိုက်ပြီ ဖြစ်ပါတယ်။
iPhone ဝယ်ရာမှာ Charger ထည့်မပေးတာဟာ နိုင်ငံရဲ့ စားသုံးသူရေးရာဥပဒေချိုးဖောက်ကြောင်း Goiania တရားရုံးတစ်ရုံးက Apple ကို အမိန့်ချလိုက်တာပါ။ ဖုန်းဗူးထဲ Charger မပါတဲ့ iPhone ကို ဝယ်မိတဲ့ ဘရာဇီးနိုင်ငံသားဟာ Apple ဆီက ဒေါ်လာ ၁၀၀၀ လျော်ကြေးရမှာ ဖြစ်ပါတယ်။ ဘရာဇီးတရားရုံးအနေနဲ့ iPhone တွေကို Charger မပါဘဲ ရောင်းတဲ့အတွက် ဒဏ်ရိုက်တာဟာ ဒီတစ်ကြိမ်က ပထမဆုံးတော့လည်း မဟုတ်ပါဘူး။
အရင်ကတည်းက ဘရာဇီးအစိုးရဟာ Apple ကို iPhone သစ်တွေမှာ Charger မထည့်ဘဲ ရောင်းလို့ ထပ်တလဲလဲ ဒဏ်ရိုက်လာခဲ့တာပါ။ မကြာသေးမီကလည်း Goiania က iPhone ဝယ်မိသူတစ်ဦးဟာ သူဝယ်လိုက်တဲ့ ဖုန်းဗူးထဲ Charger မပါလို့ Apple ကို တရားစွဲခဲ့ပြီး အမှုနိုင်သွားခဲ့ပါတယ်။ ဘရာဇီး စားသုံးသူရေးရာကျင့်ထုံး အပိုဒ် ၃၉ အရ ထုတ်ကုန်တစ်ခု ရောင်းရာမှာ မူလပစ္စည်းနဲ့ မရှိမဖြစ် တွဲဖက်အသုံးပြုရမယ့် Accessory ကို ခွဲရောင်းချမှုကို ကန့်သတ်တားမြစ်ထားပါတယ်။
Tecmundo သတင်းအရ Goiania တရားရုံးဟာ စားသုံးသူရေးရာ ဥပဒေချိုးဖောက်မှုလုပ်ခဲ့တဲ့အတွက် ဝယ်သူကို ဘရာဇီးရီးရဲလ် ၅၀၀၀ (ဒေါ်လာ ၁၀၈၀ ကျော်) လျော်ရမယ်လို့ ဖော်ပြထားပါတယ်။ Apple ဟာ ၂၀၂၀ ကစပြီး ဖုန်းဗူးတွေထဲမှာ Charger ထည့်သွင်းမှု ရပ်ဆိုင်းခဲ့ပါတယ်။ ကာဗွန်ထုတ်လုပ်မှု လျှော့ချပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အကြောင်းပြချက်နဲ့ Charger မထည့်ပေးဘဲ သီးသန့်ခွဲရောင်းခဲ့တာပါ။ အဲ့ဒီအချိန်က ကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာ iPhone ဖုန်းတွေထဲ Charger ထည့်မပေးတာဟာ နှစ်စဉ် ကားအစီး ၄ သိန်းခွဲနီးပါး လမ်းပေါ်ရောက်မှုကို ဖယ်ရှားလိုက်တာလို့ ပြောခဲ့ပါတယ်။
တစ်ဖက်မှာလည်း Apple ဟာ Charger နဲ့ နားကြပ်တွေ မထည့်ပေးဘဲ iPhone ရောင်းတာကနေ တစ်နှစ်ကို ဒေါ်လာ ၆.၅ ဘီလျံကျော် အသားတင်အမြတ်ကျန်ခဲ့တယ်လို့ အစီရင်ခံစာတွေက ဖော်ပြနေပါတယ်။ ဒါကြောင့်ပဲ ဖုန်းဗူးမှာ Charger ထည့်မပေးတဲ့အတွက် ဈေးကွက်တချို့မှာ ဒဏ်ရိုက်ခံရတာဟာ Apple အတွက် မှုလောက်စရာမရှိခဲ့ပါဘူး။
iPhone 12 က စလိုက်တဲ့ ဖုန်းဗူးမှာ Charger မပါတဲ့ ဖက်ရှင်ဟာ အစောပိုင်းက ပြိုင်ဘက်စမတ်ဖုန်းထုတ်လုပ်သူတွေ ကဲ့ရဲ့လှောင်ပြောင်စရာကိစ္စဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထိပ်တန်းအန်းဒရိုက် စမတ်ဖုန်းတွေဟာ iPhone 12 , iPhone 13 စတဲ့ နောက်ဆုံးပေါ် Apple ထုတ်ကုန်တွေကို အတုယူပြီး ဖုန်းဗူးတွေမှာ Charger ထည့်မပေးတာမျိုးတွေ ရှိလာပါတယ်။