ကမ္ဘာ့အကြီးဆုံး Chip ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ TSMC ဟာ ၂၀၂၂ ခုနှစ်မှာ ထုတ်လုပ်ရေးတိုးချဲ့ဖို့အတွက် ဒေါ်လာ ၄၄ ဘီလျံအထိ ရင်းနှီးမြှပ်နှံသွားမယ်လို့ ဆိုပါတယ်။
ထိုင်ဝမ် Semiconductor ထုတ်လုပ်ရေးကုမ္ပဏီ TSMC ဟာ Apple ၊ Qualcomm နဲ့ တခြားနည်းပညာကုမ္ပဏီကြီးတွေအတွက် ဆီလီကွန် Chips များ ထောက်ပံ့ပေးနေတဲ့ လုပ်ငန်းကြီး ဖြစ်ပြီး ၂၀၂၂ ထဲမှာ ထုတ်လုပ်ရေးတိုးချဲ့ဖို့ ရင်းနှီးမြှပ်နှံမှုလည်း တိုးမြှင့်ဖို့ ပြင်နေတယ်လို့ The Verge သတင်းက ဖော်ပြပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာ Chips ထုတ်လုပ်ရေးအတွက် ဒေါ်လာဘီလျံ ၃၀ အထိ သုံးစွဲခဲ့တဲ့ TSMC ဟာ ၂၀၂၂ မှာ ဒေါ်လာဘီလျံ ၄၀ ကနေ ၄၄ ဘီလျံအထိ သုံးစွဲသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
Photo: The Verge
TSMC ဟာ ၂၀၂၃ ခုနှစ်အထိ သုံးနှစ်အတွင်း Chip ထုတ်လုပ်ရေးမှာ ဒေါ်လာဘီလျံ ၁၀၀ အထိ သုံးစွဲသွားမယ်လို့ ကြေညာထားတဲ့ ကုမ္ပီကြီးလည်း ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ AI နဲ့ 5G လိုမျိုး နည်းပညာတွေအပြင် စမတ်ဖုန်း ၊ ကွန်ပျူတာ ၊ ကားနဲ့ တခြားစက်ပစ္စည်းတွေမှာ မြန်နှုန်းမြင့်ဆီလီကွန်ချပ်စ်လိုအပ်ချက် မြင့်တက်လာပြီးနောက် Chip ဈေးကွက်လိုအပ်ချက် မြင့်မားနေမယ်လို့ TSMC က ခန့်မှန်းထားပါတယ်။
Nikkei Asia သတင်းအရ ကုမ္ပဏီဟာ Chip ထုတ်လုပ်မှုဈေးကွက်ဟာ ဒီနှစ်အတွင်း ဝင်ငွေ ၂၀% မြင့်တက်လာဖို့ မျှော်မှန်းထားပြီး TSMC ဝင်ငွေလည်း ပိုမြင့်တက်လာဖို့ မှန်းထားပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ ကုမ္ပဏီရဲ့ ဝင်ငွေဟာ ၂၅% မြင့်တက်ခဲ့သလို စတုတ္ထသုံးလပတ်မှာလည်း အမြတ်အစွန်း ၁၆.၄% အထိ တက်လာခဲ့ပါတယ်။