ဆယ်စုနှစ်နှစ်စုအတွင်း အမေရိကန်မှာ chip စက်ရုံသစ် ၁၁ ရုံ တည်ထောင်ဖို့ Samsung Electronics ဟာ ဒေါ်လာဘီလျံ ၂၀၀ ခန့် ရင်းနှီးမြှပ်နှံသွားမယ်လို့ ဆိုပါတယ်။
သောကြာနေ့က တက္ကဆက်ပြည်နယ်မှာ တင်သွင်းခဲ့တဲ့ မှတ်တမ်းတွေအရ Samsung ဟာ အမေရိကန်နိုင်င့အတွင်းမှာ Chip စက်ရုံသစ် ၁၁ ခု တည်ထောင်ဖို့ ဒေါ်လာဘီလျံ ၂၀၀ ခန့် ရင်းနှီးမြှပ်နှံဖို့ အဆိုပြုထားပြီး ဒီစီမံကိန်းကနေ အမေရိကန် ၂ သောင်းကျော်ကို အလုပ်ပေးနိုင်မယ်လို့ ဆိုပါတယ်။ Samsung ရဲ့ Chip စက်ရုံသစ်တွေကို တက္ကဆက်ပြည်နယ် တေလာမြို့မှာ ၉ ခု နဲ့ အော်စတင်မှာ ၂ ခု တည်ဆောက်ဖို့ ရှိပြီး တည်ဆောက်သွားမယ့် စက်ရုံသစ်တွေအတွက် အခွန်ကင်းလွတ်ခွင့်လည်း တောင်းဆိုထားပါတယ်။
Samsung ဟာ အမေရိကန်ပြည်ထောင်စုမှာ လွန်ခဲ့တဲ့နှစ် ၄၀ ကျော်ကတည်းက ထုတ်လုပ်ရေးလုပ်ဆောင်ထားတဲ့ လုပ်ငန်းကြီးတစ်ခုလည်း ဖြစ်ပြီး လောလောဆယ် တေလာမြို့မှာ ဒေါ်လာ ၁၇ ဘီလျံတန် စက်ရုံသစ်တစ်ရုံ ဆောက်လုပ်ရေး လုပ်ဆောင်နေပါတယ်။ အော်စတင်မှာလည်း အလားတူ ဧရာမ Chip စက်ရုံကြီးတစ်ရုံ ဆောက်လုပ်ပြီး လည်ပတ်နေတဲ့ Samsung ဟာ တေလာမြို့ Chip စက်ရုံသစ်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ကြေညာခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့အကြီးဆုံး Memory Chip ထုတ်လုပ်သူဖြစ်တဲ့ Samsung ဟာ အမေရိကန်နိုင်ငံမှာ နောက်ထပ် ၁၉၂.၁ ဘီလျံ ရင်းနှီးမြှပ်နှံဦးမယ်လို့ သတင်းထွက်နေပါတယ်။ Samsung ရဲ့ ထုတ်ပြန်ချက်ထဲမှာပဲ "အခုချိန်မှာ စက်ရုံတည်ဆောက်ဖို့ တိကျတဲ့ အစီအစဉ်တွေ မရှိသေးပေမယ့် Samsung ရဲ့ တက္ကဆက်ပြည်နယ်အတွင်း အခန်း ၃၁၃ လျှောက်ထားချက်တွေဟာ အမေရိကန်ပြည်ထောင်စုအတွင်း နောက်ထပ် စက်ရုံတွေ တည်ဆောက်ဖို့ ရှိတဲ့ အလားအလာကို အကဲဖြတ်ဖို့ ရေရှည်စီမံကိန်းဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်တယ်" လို့ ဖော်ပြထားပါတယ်။
တက္ကဆက် အသုံးစရိတ်ကြီးကြပ်ရေးရုံးရဲ့ အဆိုအရ အခန်း ၃၁၃ Chapter 313 မှာ ပြည်သူပိုင်ကျောင်းခရိုင်တွေကို သူတို့ရဲ့ အသိုင်းအဝိုင်းမှာ ရင်းနှီးမြှပ်နှံတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အခွန်လျှော့ပေါ့ခွင့်ပြုတယ်လို့ ဆိုပါတယ်။ နှစ်ကုန်ပိုင်းမှာ ဒါက သက်တမ်းကုန်မှာ ဖြစ်လို့ ကုမ္ပဏီတွေအနေနဲ့ အခွန်အကျိုးခံစားနိုင်အောင် ပြန်လျှောက်ထားရမယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါဟာ အလားအလာရှိတဲ့ ရင်းနှီးမြှပ်နှံမှုတွေကို ဖိတ်ခေါ်ဖို့ လုပ်ဆောင်တဲ့ စီမံကိန်းဖြစ်ပြီး ကမ္ဘာ့အဆင့် စီးပွားရေးရာသီဥတုနဲ့ မတူကွဲပြားပြီး အရည်အချင်းမြင့်မားတဲ့ လုပ်သားအင်အား ဖွံ့ဖြိုးစေနိုင်မယ်လို့ တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်ဂ် အဘော့က ပြောပါတယ်။
တောင်ကိုရီးယားစီးပွားရေးအင်အားစုကြီးတစ်ခုဖြစ်တဲ့ Samsung ဟာ ဇူလိုင် ၂၅ ၇◌က်နေ့ကပဲ ကမ္ဘာပေါ်မှာ ပထမဆုံး 3nm Gate-All-Around (GAA) Process သုံးပြီး ထုတ်လုပ်ထားတဲ့ chip တွေကို စတင် တင်ပို့ရောင်းချခဲ့ပါတယ်။ GAA process ဟာ အရင် သုံးနေတဲ့ FinFET ဒီဇိုင်းထက် Transistors တွေကို လျှပ်စီးကြောင်း ပိုသယ်စေနိုင်သလို အရွယ်အစားလည်း ပိုသေးငယ်အောင် ထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။
3nm GAA Chip တွေဟာ စွမ်းအင် သုံးစွဲမှုမှာ 5nm FinFET Chip ထက် ၄၅% ပိုနည်းပြီး အရွယ်အစား ၁၆% ပိုသေးသလို သွက်လက်မြန်ဆန်မှုပိုင်းမှာလည်း ၂၃% ပိုမြင့်တယ်လို့ ဆိုပါတယ်။ GAA Process ပထမမျိုးဆက်ကို Samsung က စတင်နိုင်ခဲ့တာဟာ မှတ်တိုင်သစ်ဖြစ်ပြီး ပြိုင်ဘက် TSMC ကတော့ FinFET ဒီဇိုင်းသုံးထားတဲ့ 3nm Chip ကို ဒီနှစ်အကုန်ပိုင်းမှာ စတင်ထုတ်လုပ်ဖို့လည်း ရှိပါတယ်။