ဩစတြေးလျက မသန်စွမ်းသူတစ်ဦးဟာ စက္ကူညှပ်ကလစ်အရွယ် Brain Chip အကူအညီနဲ့ ပထမဆုံးအကြိမ် အတွေးက တစ်ဆင့် Tweet တစ်ခု ဖန်တီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ALS လို့ ခေါ်တဲ့ ဦးနှောက်နဲ့ ကျောရိုးမ အာရုံကြောဆဲလ် ချို့ယွင်းတဲ့ ဝေဒနာခံစားနေရတဲ့ အသက် ၆၂ နှစ်အရွယ် ဖီးလစ်ပ် အိုကီးဖီဟာ Synchron ရဲ့ ဦးနှောက်-ကွန်ပျူတာကြားခံ ချပ်စ်တစ်မျိုး သုံးပြီး ပထမဆုံးအကြိမ် စိတ်နဲ့ Tweet တစ်ခု ရေးသားနိုင်ခဲ့တယ်လို့ The Independent သတင်းက ဖော်ပြထားပါတယ်။ အာရုံကြောနည်းပညာပိုင်း ဦးတည်ထားတဲ့ Synchron ဆိုတဲ့ startup ရဲ့ နည်းပညာအကူအညီနဲ့ အခုလို လုပ်ဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
မစ္စတာ အိုကီးဖီ (Photo: Express UK)
ကုမ္ပဏီရဲ့ CEO သောမတ်စ် အောက်စလေကလည်း ဒီဇင်ဘာ ၂၃ ရက်နေ့မှာ "ခလုတ်နှိပ်စရာ ၊ စကားပြောစရာ မလိုတော့ပါဘူး။ အခု Tweet ကို ကျွန်တော် အတွေးနဲ့ပဲ ဖန်တီးလိုက်တာပါ။" လို့ Twitter မှာ ရေးထားပါတယ်။ ၂၀၂၀ ခုနှစ် ဧပြီလထဲမှာ Synchron ဟာ Stentrode ပစ္စည်းကို အိုကီးဖီရဲ့ ကိုယ်မှာ ထည့်သွင်းခဲ့ပါတယ်။ အိုကီးဖီရဲ့ ရောဂါအခြေအနေ ပိုဆိုးလာပြီးနောက် အခုလို ကိုယ်တွင်းမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
Stentrode မထည့်ခင်က အိုကီးဖီဟာ ဘေးက လူအကူအညီမပါချိန်မှာ ရိုးရှင်းလှတဲ့အလုပ်လေးတွေတောင် မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ ဦးနှောက်ခွဲစိတ်စရာ မလိုစေဖို့ Brain Chip ကို လည်ပင်းထဲ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ Stentrode chipထည့်ပြီးမှ လူနာဟာ တခြားသူတွေကို ဆက်သွယ်လာနိုင်သလို Solitaire လို ကွန်ပျူတာဂိမ်းတွေတောင် ကစားလာနိုင်တယ်လို့ ဆိုပါတယ်။
"ဒီနည်းပညာအကြောင်း ပထမဆုံးအကြိမ် ကျွန်တော် ကြားတုန်းက ဒီနည်းပညာက ကျွန်တော့်ကို ဘယ်လောက်တောင် လွတ်လပ်မှုတွေ ပေးမလဲဆိုတာ သိခဲ့တယ်" လို့ အိုကီးဖီက ပြောကြောင်း Daily Mail သတင်းက ဖော်ပြပါတယ်။ အိုကီးဖီကတော့ ဒါကို စက်ဘီးစီးနည်း သင်ခြင်းနဲ့ နှိုင်းယှဉ်ပြပါတယ်။ Brain Chip မသုံးခင်မှာ အလေ့အကျင့်အများကြီး လိုအပ်ပြီး နည်းသိသွားချိန်မှာ အသားကျသွားမယ်လို့ ဆိုပါတယ်။
မစ္စတာ အိုကီးဖီ (Photo: Express UK)
ဦးနှောက်ထဲ Chip ထည့်တဲ့ ဖြစ်စဉ်ကတော့ လွယ်ကူခြင်း မရှိဘဲ ၄ နာရီခန့် ကြာမြင့်တယ်လို့ ဆိုပါတယ်။ အခုတော့ သူဟာ ကွန်ပျူတာက မက်ဆေ့တွေကို ဘာသာပြန်နိုင်ပြီလို့ ပြောပါတယ်။ Synchron ရဲ့ အဆိုအရ ခေါင်းထဲ Chip ထည့်တဲ့ကိစ္စကို လာမယ့် ၂၀၂၂ ခုနှစ်ကစပြီး အမေရိကန်ပြည်ထောင်စုအတွင်း ပထမဆုံးအကြိမ် လူနဲ့ သုတေသနလုပ်သွားမယ်လို့ ဆိုပါတယ်။