တော့တင်ဟမ်ဟော့စပါးရဲ့ ကြယ်ပွင့်ကစားသမား ဆွန်ဟောင်မင်ကတော့ ကွင်းတွင်းအောင်မြင်မှုတွေအပြင် ကွင်းပြင်ပမှာလည်း အောင်မြင်မှုတွေ ဆက်တိုက်ဆိုသလိုရရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ စပါးအတွက် ခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တဲ့ ဆွန်ဟောင်မင်က အခုအခါမှာ နာမည်ကျော် အမှတ်တံဆိပ်တခုဖြစ်တဲ့ Calvin Klein ရဲ့ ကုန်အမှတ်တံဆိပ်သံတမန်ဖြစ်လာခဲ့ပြန်ပြီဖြစ်ပါတယ်။
ဒီမတိုင်ခင်ကလည်း ဆွန်ဟောင်မင်ဟာ ဗြိတိန်နာမည်ကျော် အဝတ်အစားအမှတ်တံဆိပ် Burberry ရဲ့ သံတမန်အဖြစ် ပူးပေါင်းခဲ့ပြီးဖြစ်ပါတယ်။ အခုအခါ နောက်ထပ်နာမည်ကျော်အမှတ်တံဆိပ်တခုနဲ့ လက်တွဲခဲ့တာဖြစ်ပြီး ဆွန်ဟောင်မင်ကို မော်ဒယ်လ်တဦးအလား ထင်မှတ်မှားနေခဲ့ရပြီး တောင်ကိုရီးယားကြယ်ပွင့်ဟာ ကွင်းပြင်မှာပါ လွှမ်းမိုးမှုတွေရှိလာခဲ့ပြီဖြစ်ပါတယ်။
"Calvin Klein underwear ရဲ့ ကာလရှည်ပရိသတ်တဦးအဖြစ်နဲ့ ကျနော်ရှိနေခဲ့တာပါ၊ တောင်ကိုရီးယားက အမှတ်တံဆိပ်သံတမန်တဦးအဖြစ်နဲ့ ပူးပေါင်းခွင့်ရပြီး သူတို့နဲ့အတူရှိခွင့်ရလို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်၊ CK အတွင်းခံတွေက ကျနော့်ရဲ့ နေ့စဉ်ဘ၀မှာ အတူရှိနေတာဖြစ်ပြီး ဒီအမှတ်တံဆိပ်နဲ့ လက်တွဲမှုက အရမ်းသဘာ၀ကျတယ်လို့ထင်ပါတယ်"
"ကမ္ဘာတဝှမ်းက လူပေါင်းများစွာလိုပါပဲ၊ ဒီအမှတ်တံဆိပ်ရဲ့ အထင်ကရလှုပ်ရှားမှုတွေက လှုံ့ဆော်မှုကိုရရှိခဲ့ပါတယ်" လို့ ဆွန်ဟောင်မင်က ပြောဆိုခဲ့ပါတယ်။ CK ရဲ့ ပြောဆိုချက်အရ ဆွန်ဟောင်မင်ဟာ Embossed Icon Collection နဲ့ Modern Cotton collection နှစ်ခုစလုံးအတွက်လည်း မော်ဒယ်လ်လုပ်သွားမယ်လို့သိရပြီး တောင်ကိုရီးယားသားကို ဆွဲဆောင်မှုအပြည့်ရှိတဲ့ ပုံစံတွေနဲ့ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။
ဆွန်ဟောင်မင်ဟာ ရွှေဖိနပ်ဆုရအပြီး တောင်ကိုရီးယားမှာ ပရိသတ်အင်အားတခဲနက်တိုးပွားလာခဲ့သူဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ နာမည်ကျော်ကေပေါ့အဖွဲ့တွေနဲ့အပြိုင် ဆွန်ဟောင်မင်က ကျော်ကြားလာခဲ့ပြီး လက်ရှိမှာ ကလေးကစပြီး အဖိုး၊အဖွားအရွယ်တွေအထိ ဆွန်ဟောင်မင်ရဲ့ စပါးအသင်းပွဲစဉ်တွေကို စိတ်ဝင်တစားကြည့်ရှုနေကြပြီလည်းဖြစ်ပါတယ်။