အသက် (၆၉)နှစ်အရွယ် လူနာ နံပါတ်(၅)သေဆုံးခဲ့တာပါ။

ဒီကနေ့ မနက်ပိုင်း (၇)နာရီ (၄၀)ခန့်က ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူနေတဲ့ Covid 19 positive လူနာ နံပါတ်(၅) သေဆုံးခဲ့ပါတယ်။

သေဆုံးသူက မင်္ဂလာတောင်ညွန့်မြို့နယ်က အသက်(၆၉)နှစ်အရွယ် အမျိုးသားဖြစ်ပြီး အလောင်းကိုတော့ ချက်ချင်း သင်္ဂြိုလ်မှာဖြစ်တယ်လို့ သိရပါတယ်။ မိသားစုဝင်တွေကတော့ Home  Quarantine လုပ်ထားတဲ့ အတွက် နာရေးကို လိုက်ပါပို့ဆောင်ခွင့်ရမှာမဟုတ်ဘဲ သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတွေကပဲ စီစဉ်ပေးလိမ့်မယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးလှဌေးက Duwun ကိုပြောပါတယ်။ 



“ ခုမနက်ပိုင်းကပဲ ဆုံးတယ်။ ရက်တွေဘာတွေမထားဘူး ချက်ချင်းသင်္ဂြိုလ်မယ်။ Covid 19 အတည်ပြုလူနာဖြစ်တဲ့ အတွက် နာရေးကိုလည်း ချထားတဲ့စည်းကမ်းချက်တွေအညီလုပ်ဆောင်ရမှာပါ။ သူက အစကတည်းက ကင်ဆာနောက်ဆုံးအဆင့် လူနာဖြစ်လို့ ဘာရောဂါကြောင့် သေလည်းဆိုတာတော့ မသိရသေးဘူး။ အခုမှအဖြေရှာတုန်း။ အဖြေကလည်း အမြန်ဆုံးထွက်မယ်ထင်ပါတယ်” လို့ ဦးလှဌေးကပြောပါတယ်။ 

သေဆုံးခဲ့တဲ့ လူနာက ကင်ဆာရောဂါနဲ့ သြစတေးလျမှာ တစ်လကြာဆေးကုသမှု ခံယူခဲ့ရပြီး စင်ကာပူကနေတစ်ဆင့် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာ Covid 19 အတည်ပြုလူနာ (၁၄)ဦးရှိပြီး အခုသေဆုံးခဲ့တဲ့သူကတော့ မြန်မာနိုင်ငံရဲ့ Covid 19 အတည်ပြုလူနာတွေထဲမှာ ပထမဆုံးသေဆုံးခဲ့သူလည်းဖြစ်ပါတယ်။ 






ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က