ကူးစက်ပျံ့နှံ့မှုနဲ့ လူသေဆုံးမှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့ COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်ရှိ မရှိ အမြန်စစ်ဆေးသိရှိနိုင်တဲ့ ကိရိယာကို တရုတ်နိုင်ငံမှ ပညာရှင်တွေက တီထွင်ဖန်တီးလိုက်ပြီလို့ ဆိုပါတယ်။
အချိန် ၁၅ မိနစ်အတွင်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းရှိ မရှိ သိရှိနိုင်ပါတယ်
(Photo: CCTV)
အဆိုပါ ကိရိယာဖြင့် လူနာရဲ့သွေးတစ်စက်မျှကို စစ်ဆေးကြည့်ပြီး အချိန် ၁၅ မိနစ်အတွင်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းရှိ မရှိ သိရှိနိုင်မယ်လို့ တရုတ်နိုင်ငံမှ State Key Laboratory of Respiratory Diseases (SKLRD) က သောကြာနေ့ (ဖေဖေါ်ဝါရီ ၁၄ ရက်) မှာ ထုတ်ဖော်ပြောကြားပါတယ်။
COVID-19 ဗိုင်းရပ်စ် အမြန်စစ်ဆေးတဲ့ ယခုကိရိယာကို ဓာတ်ခွဲခန်းနဲ့ လက်တွေ့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ထိုကိရိယာကို တရုတ်ကျန်းမာရေးကော်မရှင် ကျွမ်းကျင်ပညာရှင်အဖွဲ့ခေါင်းဆောင် Zhong Nanshan ရဲ့ လမ်းညွှန်မှုဖြင့် သုတေသနအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း CGTN သတင်းက ဖော်ပြပါတယ်။
ကိရိယာအသစ်ကို ဗိုင်းရပ်စ်ကူးစက်မှု အဓိကဖြစ်ပွားရာ ဟူဘေးပြည်နယ်ရှိ ဆေးရုံတစ်ရုံမှာ အသုံးပြုနေပါတယ်
(Photo: Reuters)
ယခုကိရိယာအသစ်ဖြင့် သွေးတစ်စက်မျှကို စစ်ဆေးကြည့်ပြီး IgM ပဋိပစ္စည်းများရှိ မရှိ သိရှိနိုင်ပါတယ်။ IgM ဟာ ရောဂါကူးစက်မှုအသစ်တစ်ကို တုံ့ပြန်တွန်းလှန်ရန်အတွက် လူ့ခန္ဓာကိုယ်မှ ပထမဆုံး ထုတ်လုပ်လိုက်တဲ့ ပဋိပစ္စည်းများ ဖြစ်ပါတယ်။ COVID-19 ဗိုင်းရပ်စ် စစ်ဆေးရာမှာ လက်ရှိ အသုံးပြုနေတဲ့ RT-PCR nuclei acid စစ်ဆေးမှုတွေနဲ့ နှိုင်းယှဥ်ပါက ယခုကိရိယာအသစ်က ပိုမိုရိုးရှင်းလွယ်ကူပြီး အချိန်တိုအတွင်း တိကျမြန်ဆန်တဲ့ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင် သိရှိနိုင်မယ်လို့ ဆိုပါတယ်။
COVID-19 စစ်ဆေးတဲ့ ကိရိယာအသစ်ကို ဗိုင်းရပ်စ်ကူးစက်မှု အဓိကဖြစ်ပွားရာ ဟူဘေးပြည်နယ်ရှိ ဆေးရုံတစ်ရုံမှာ အသုံးပြုနေကြောင်းလည်း သိရပါတယ်။ RT-PCR nuclei acid စစ်ဆေးမှုအရ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရခြင်းမရှိကြောင်း အဖြေထွက်ထားခဲ့တဲ့ လူနာအချို့ကို ယခုကိရိယာအသစ်ဖြင့် ပြန်လည်စစ်ဆေးခဲ့ရာမှာ အများစုမှာ IgM ပဋိပစ္စည်းများ တွေ့ရှိရကြောင်း အဖြေထွက်ခဲ့တယ်လို့လည်း CGTN က ဖော်ပြထားပါတယ်။
(Photo: Reuters)
ယမန်နှစ် ဒီဇင်ဘာလအတွင်းက တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ယနေ့ (ဖေဖေါ်ဝါရီ ၁၇ ရက်) မနက်ပိုင်းအထိ စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ လူ ၁,၇၆၅ ဦး သေဆုံးပြီး လူဦးရေ ၇၀,၄၀၀ ကူးစက်ခံထားရပါတယ်။ တရုတ်ပြည်မကြီးပြင်ပမှာ သေဆုံးမှုတွေအဖြစ် ထိုင်ဝမ်မှာ ၁ ဦး၊ ဟောင်ကောင်မှာ ၁ ဦး၊ ဂျပန်မှာ ၁ ဦး၊ ဖိလစ်ပိုင်မှာ ၁ ဦးနဲ့ ပြင်သစ်မှာ ၁ ဦး သေဆုံးခဲ့ပြီး ဖေဖေါ်ဝါရီ ၁၇ ရက် မနက်ပိုင်းအထိ ကမ္ဘာတစ်ဝှမ်း လူ ၁,၇၇၀ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၇၁,၁၇၁ ရှိပြီး ၉,၈၇၁ ဦး ပြန်လည်သက်သာလာခဲ့ကြောင်းလည်း သိရပါတယ်။
COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေပါတယ်။