ဗိုင်းရပ်စ်ကူးစက်မှုကို လုံးဝ ထိန်းမရတော့တဲ့ အခြေအနေမရောက်မီ အလျင်အမြန် လုပ်ဆောင်ရန်လိုအပ်နေပါတယ်။

နိုင်ငံတကာသို့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် COVID-19 ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အခွင့်အရေး နည်းပါးလာနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဖေဖေါ်ဝါရီ ၂၁ ရက်မှာ သတိပေးလိုက်ပါတယ်။

အခွင့်အရေးကို ဖြုန်းတီးပစ်မယ်ဆိုရင်တော့ ဆိုးရွားတဲ့ပြဿနာတစ်ရပ် ကျွန်တော်တို့ ကြုံလာမှာပါ


(Photo: Reuters)

အီရန်နဲ့ လက်ဘနွန်နိုင်ငံတွေမှာ ဗိုင်းရပ်စ်အသစ် ကူးစက်မှုနဲ့ သေဆုံးမှုတွေ ရှိလာခဲ့ပြီးနောက် WHO က ထိုသို့ သတိပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိမှုနဲ့ သေဆုံးမှုတွေ ဆက်ရှိနေခဲ့ပြီးနောက် ကူးစက်ပျံ့နှံ့မှုဟာ အမြင့်ဆုံးအခြေအနေ ဖြစ်နေပြီဟုတ် မဟုတ် WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကို မေးမြန်းခဲ့ရာမှာ ၎င်းအနေနဲ့ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်တယ်လို့ ယုံကြည်နေဆဲဖြစ်ကြောင်း ပြောခဲ့ပါတယ်။ သို့သော် ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်တဲ့ အခွင့်အရေး နည်းပါးလာနေကြောင်းနဲ့ လုံးဝ ထိန်းမရတော့တဲ့ အခြေအနေမရောက်မီ အလျင်အမြန် လုပ်ဆောင်ရန်လိုအပ်ကြောင်း WHO အကြီးအကဲက သတိပေးခဲ့ပါတယ်။

(Photo: Reuters)

"ဒီဗိုင်းရပ်စ်က ဘယ်နေရာကိုမဆို ရောက်သွားနိုင်တယ်၊ ကျွန်တော်တို့ ကောင်းကောင်း လုပ်ဆောင်ကြမယ်ဆိုရင် အပြင်းအထန် ကပ်ဆိုက်မှုကို ရှောင်လွှဲနိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဒီအခွင့်အရေးကို ဖြုန်းတီးပစ်မယ်ဆိုရင်တော့ ဆိုးရွားတဲ့ပြဿနာတစ်ရပ် ကျွန်တော်တို့ ကြုံလာမှာပါ" လို့ Tedros ပြောပါတယ်။

အသစ်တွေ့ရှိရတဲ့ COVID-19 ကူးစက်မှုတွေဟာ တရုတ် သို့မဟုတ် အခြား အတည်ပြုထားတဲ့ ကူးစက်မှုဖြစ်ပွားရာ နေရာတွေနဲ့ တိကျတဲ့ဆက်နွယ်မှု မတွေ့ရခဲ့ပြီးနောက် WHO က ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအပေါ် စိုးရိမ်ပူပန်လာခဲ့ပါတယ်။ အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၈ ဦး စစ်ဆေးတွေ့ရှိရပြီး ၄ ဦး သေဆုံးသွားခဲ့မှုဟာ အလွန်စိုးရိမ်စရာဖြစ်နေခဲ့ကြောင်း WHO အကြီးအကဲက ပြောပါတယ်။


တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိရမှု သိသာစွာ မြင့်တက်လာပါတယ်


(Photo: EPA)

WHO အနေနဲ့ အီရန်သို့ ဗိုင်းရပ်စ်စစ်ဆေးတဲ့ ကိရိယာများ ထောက်ပံ့ပို့ဆောင်ခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောပါတယ်။ ယခုအခါ ဗိုင်းရပ်စ်ကူးစက်မှုကို လက်ဘနွန်နိုင်ငံမှာလည်း ပထမဆုံးအကြိမ် တွေ့ရှိလာရပါတယ်။ ထိုအတောအတွင်း တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိရမှု သိသာစွာ မြင့်တက်လာပြီး ဖေဖေါဝါရီ ၂၁ ရက် ညပိုင်းအထိ ၂၀၄ ဦးရှိပြီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ တောင်ကိုရီးယားရှိ မြို့နှစ်မြို့မှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် အစီအစဥ်များ တိုးမြှင့်လုပ်ဆောင်ပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ဖေဖေါ်ဝါရီ ၂၁ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ လူ ၂,၂၃၆ ဦး၊ အီရန်မှာ ၄ ဦး၊ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ ၂ ဦး၊ ဟောင်ကောင်မှာ ၂ ဦး၊ ထိုင်ဝမ်၊ ဂျပန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယားနဲ့ ပြင်သစ်တို့မှာ တစ်ဦးစီ သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက် ၂,၂၄၉ ဦးရှိလာပါတယ်။

ဖေဖေါ်ဝါရီ ၂၁ ရက် ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၇,၀၁၈ ဦးရှိလာပါတယ်

(Photo: Reuters)

ဖေဖေါ်ဝါရီ ၂၁ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၇၅,၆၈၅ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၇,၀၁၈ ဦးရှိပြီး ၁၈,၈၇၀ ဦး ပြန်လည်သက်သာလာခဲ့ကြောင်း သိရပါတယ်။ COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေပါတယ်။

Source: Reuters, BBC

Share

Loading Next Article...
က္က