ဗိုင်းရပ်စ်အသစ်ဟာ တုပ်ကွေးနဲ့ပိုတူပြီး ယခင်က ယုံကြည်ထားခဲ့တာထက် ပိုမိုလွယ်ကူစွာ ကူးစက်ပျံ့နှံ့မှုနိုင်ပါတယ်။

အသစ်တွေ့ရှိထားတဲ့ COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ်ဟာ တုပ်ကွေးနဲ့ပိုတူပြီး ယခင်က ယုံကြည်ထားခဲ့တာထက် ပိုမိုလွယ်ကူစွာ ကူးစက်ပျံ့နှံ့မှုနိုင်ကြောင်း တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်တွေက ပြောကြားပါတယ်။

တုပ်ကွေးဗိုင်းရပ်စ်နဲ့ ပိုတူနေပြီး ကူးစက်ပျံ့နှံ့ရာမှာ ပိုမိုလွယ်ကူနိုင်ပါတယ်


(Photo: Reuters)

COVID-19 ဗိုင်းရပ်စ်ရဲ့ သဘောသဘာဝဟာ ၎င်းနဲ့ဆက်စပ်မှုရှိတဲ့ မိသားစုအုပ်စုဝင် အခြား ဗိုင်းရပ်စ်တွေထက် တုပ်ကွေးရောဂါဗိုင်းရပ်စ်နဲ့ ပိုတူနေပြီး ထိုအခြေအနေအရ ကူးစက်ပျံ့နှံ့ရာမှာ ပိုမိုလွယ်ကူနိုင်တယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရတဲ့ လူနာ ၁၈ ဦးရဲ့ နှာခေါင်းနဲ့ လည်ချောင်းမှ ဓာတ်ခွဲခန်းနမူနာတွေကို လေ့လာခဲ့ကြတဲ့ သိပ္ပံပညာရှင်တွေက ထိုသို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ အနည်းဆုံး တစ်ဦးဟာ ရောဂါလက္ခဏာ မပြခဲ့ကြောင်း တွေ့ရှိခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံထားရပေမဲ့ ရောဂါလက္ခဏာမပြတဲ့ လူနာများထံမှလည်း အခြားလူများသို့ ကူးစက်နိုင်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

(Photo: AP)

ကနဦးအဆင့်သာရှိသေးပေမဲ့ ဗုဒ္ဓဟူးနေ့ (ဖေဖေါ်ဝါရီ ၁၉ ရက်) က New England Journal of Medicine ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာတွေ့ရှိမှုတွေအရ COVID-19 ဗိုင်းရပ်စ်အသစ်ဟာ ၎င်းရဲ့ အနီးကပ် ဆက်စပ်နေတဲ့ မိသားစုအုပ်စုဝင် အခြား အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်တွေနဲ့မတူကြောင်း အထောက်အထားအသစ်ကို ဖော်ပြထားပါတယ်။

ဖေဖေါ်ဝါရီ ၂၁ ရက် မနက်ပိုင်းအထိ ဗိုင်းရပ်စ်ကြောင့် လူ ၂,၂၄၇ ဦး ‌သေဆုံးခဲ့ပြီးဖြစ်ပါတယ်

"တစ်ကယ်လို့သာ အတည်ပြုနိုင်ခဲ့ရင် ဒါက သိပ်အရေးကြီးပါတယ်" လို့ လေ့လာမှုမှာပါဝင်ခဲ့သူ အမေရိကန်နိုင်ငံ မင်နီဆိုတားပြည်နယ်ရှိ Mayo Clinic in Rochester မှ ရောဂါပိုးမွှားဗေဒပညာရှင်နဲ့ ကာကွယ်ဆေးသုတေသီ ဒေါက်တာ Gregory Poland က ပြောခဲ့ပါတယ်။

(Photo: Noel Celis/AFP)

COVID-19 ဟာ SARS (Severe Acute Respiratory Syndrome) ဗိုင်းရပ်စ်ကဲ့သို့ မဟုတ်ဘဲ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းနဲ့ အောက်ပိုင်းတွေမှာ ကူးစက်နိုင်တာ ဖြစ်ပါတယ်။ ထိုအခြေအနေက ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါ ဖြစ်စေနိုင်မှုသာမက တုပ်ကွေး သို့မဟုတ် အအေးမိဖျားနာခြင်းကဲ့သို့ လွယ်ကူစွာလည်း ကူးစက်ပျံ့နှံ့နိုင်ပါတယ်။

COVID-19 နဲ့ မိသားစုအုပ်စုဝင်ဖြစ်တဲ့ SARS ရောဂါဗိုင်းရပ်စ်ကတော့ အသက်ရှူလမ်းကြောင်းအောက်ခြေ နက်ရှိုင်းတဲ့အပိုင်းမှာ ကူးစက်နိုင်ပြီး အဆုတ်ရောင်ရောဂါဖြစ်စေတာမျိုး ဖြစ်ပါတယ်။ တရုတ်နိုင်ငံ Guangdong ပြည်နယ်မှ သုတေသီတွေက လူနာ ၁၈ ဦးမှာ COVID-19 ဗိုင်းရပ်စ်ပမာဏကို စောင့်ကြည့်ခဲ့ကြပါတယ်။ အဆိုပါ လူနာများအနက် တစ်ဦးဟာ မည်သည့် ရောဂါလက္ခဏာမျှ မပြခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။

အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း (နှာခေါင်းနဲ့ လည်ချောင်း) ကနေတစ်ဆင့် ပျံ့နှံ့နိုင်ပြီး လူတွေကို ရောဂါလက္ခဏာမပြဘဲ ကူးစက်နေနိုင်တယ်ပါတယ်

(Photo: Reuters)

ကျန်ရှိတဲ့ လူနာ ၁၇ ဦးကြားမှာတော့ ပထမဆုံး ရောဂါလက္ခဏာပြသခဲ့ပြီးနောက် နှာခေါင်းနဲ့ လည်ချောင်းထဲမှာ ဗိုင်းရပ်စ်ပမာဏ မြင့်တက်လာခဲ့တာ တွေ့ခဲ့ရပြီး ထိုအခြေအနေက SARS ထက် တုပ်ကွေးနဲ့ပိုတူနေတာလည်း ဖြစ်ပါတယ်။ COVID-19 ကူးစက်ခံရပြီး ရောဂါလက္ခဏာမပြတဲ့ လူနာထံမှာတွေ့ရတဲ့ ဗိုင်းရပ်စ်ပမာဏဟာ ကိုယ်ပူခြင်းကဲ့သို့ ရောဂါလက္ခဏရှိနေတဲ့ လူနာတွေနဲ့ အလားတူဖြစ်နေခဲ့ပါတယ်။

"ဒါက ဘာကိုပြောလဲဆိုတော့ ဒီဗိုင်းရပ်စ်က အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း (နှာခေါင်းနဲ့ လည်ချောင်း) ကနေတစ်ဆင့် ပျံ့နှံ့နိုင်ပြီး လူတွေကို ရောဂါလက္ခဏာမပြဘဲ ကူးစက်နေနိုင်တယ်ဆိုတာ ရှင်းပါတယ်" ဒေါက်တာ Gregory Poland ပြောပါတယ်။ ယခုတွေ့ရှိချက်များအရ ဗိုင်းရပ်စ်အသစ်ဟာ မျိုးဗီဇဆင်တူပေမဲ့ SARS ဗိုင်းရပ်စ်ကဲ့သို့မဟုတ်ကြောင်း အမေရိကန်အခြေစိုက် Scripps Research သုတေသနဌာနမှ ကိုယ်ခံအားစနစ်ဆိုင်ရာ ပညာရှင် Kristian Andersen က ဆိုပါတယ်။

ကျွန်တော်တို့ မြင်ဖူးသမျှ အခြား အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်တွေထက် လူတွေကြားမှာ အများကြီး ပိုမိုကူးစက်ပျံ့နှံ့နိုင်ပါတယ်

(Photo: Getty Images)

"ဒီဗိုင်းရပ်စ်က ကျွန်တော်တို့ မြင်ဖူးသမျှ အခြား အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်တွေထက် လူတွေကြားမှာ အများကြီး ပိုမိုကူးစက်ပျံ့နှံ့နိုင်တာ ရှင်းပါတယ်၊ ဒါက တုပ်ကွေကူးစက်ပျံ့နှံ့တာမျိုးနဲ့ ပိုတူပါတယ်" လို့ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံ လူနာတွေကို လေ့လာခဲ့တ့အဖွဲ့မှာ ပါဝင်ခဲ့သူ Andersen ပြောပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ဖေဖေါ်ဝါရီ ၂၁ ရက် မနက်ပိုင်းအထိ တရုတ်ပြည်မကြီးမှာ လူ ၂,၂၃၆ ဦး၊ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ ၂ ဦး၊ ဟောင်ကောင်မှာ ၂ ဦး၊ အီရန်မှာ ၂ ဦး၊ ထိုင်ဝမ်၊ ဂျပန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယားနဲ့ ပြင်သစ်တို့မှာ တစ်ဦးစီ သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက် ၂,၂၄၇ ဦးရှိလာပါတယ်။ ဖေဖေါ်ဝါရီ ၂၁ ရက် မနက်ပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၇၅,၄၆၅ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၆,၇၁၅ ဦးရှိပြီး ၁၈,၄၄၀ ဦး ပြန်လည်သက်သာလာခဲ့ကြောင်း သိရပါတယ်။

Source: Reuters


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က