အမေရိကန်မှာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သမ္မတဒေါ်နယ်ထရန့်က နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း သိရပါတယ်။
(Photo: AP)
၎င်းကိုယ်တိုင်လည်း ဗိုင်းရပ်စ်ကူးစက်ခံခြင်းရှိ မရှိ စစ်ဆေးမှုခံယူသွားနိုင်ဖွယ်ရှိကြောင်းလည်း ထရန့်က ဆိုပါတယ်။ COVID-19 ကူးစက်မှုကို တိုက်ဖျက်ရန်အတွက် ပြည်ထောင်စုအစိုးရရဲ့ အခွင့်အာဏာကို အပြည့်အဝ အသုံးပြုသွားမယ်လို့ သမ္မတအိမ်ဖြူတော် နှင်းဆီဥယျာဥ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရန့်က ပြောပါတယ်။
မတ်လ ၁၃ ရက်နေ့မှာ ကြေညာလိုက်တဲ့ နိုင်ငံတော် အရေးပေါ်အခြေအနေအရ ပြည်ထောင်စုရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံကို ဒေသဆိုင်ရာ အာဏာပိုင်များကို ကူညီဖို့အတွက် သုံးစွဲသွားမှာဖြစ်ပါတယ်။ အမေရိကန်မှာ ဗိုင်းရပ်စ်ဂယက်ကြောင့် စတော့ရှယ်ယာဈေးနှုန်း ကျဆင်းမှုတွေလည်း ဖြစ်ပေါ်ခဲ့ပြီး မတ်လ ၁၃ ရက်နေ့မှာတော့ စတော့ဈေးနှုန်းတွေ ပြန်တက်လာတယ်လို့ ဆိုပါတယ်။
(Photo: Johannes Eisele/AFP/Getty Images)
"လာမယ့် ရှစ်ပတ်က အလွန်အရေးကြီးပါတယ်၊ ကျွန်တော်တို့ လေ့လာနိုင်ပါတယ်၊ ပြီးတော့ ဒီဗိုင်းရပ်စ်ကို ထိန်းချုပ်ဟန့်တားသွားမှာပါ" လို့ သမ္မတထရန့်က ပြောပါတယ်။ ယခုလအစောပိုင်းမှာ သမ္မတထရန့်နဲ့ တွေ့ဆုံခဲ့ဖူးတဲ့ ဘရာဇီးသမ္မတ ဂျိုင်ယာ ဘိုလ်ဆွန်နာရိုရဲ့ ဆက်သွယ်ရေးအရာရှိ ဖေဘီယိုဝါ့ချ်ဂါတင်ထံမှာ COVID-19 ဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိထားကြောင်းလည်း သိရပါတယ်။
ထိုအခြေအနေကြောင့် ဘရာဇီးသမ္မတ ဂျိုင်ယာ ဘိုလ်ဆွန်နာရိုဟာလည်း ဗိုင်းရပ်စ်စစ်ဆေးမှု ခံယူခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း မရှိဘူးလို့ အဖြေထွက်ခဲ့ပါတယ်။ သမ္မတထရန့်ဟာ ဘိုလ်ဆွန်နာရို အပါအဝင် ဘရာဇီးအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ဖလော်ရီဒါပြည်နယ်ရှိ ၎င်းရဲ့ အပန်းဖြေစခန်းမှာ မတ်လအစောပိုင်းက တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
(Photo: Reuters)
"ကျွန်တော့်မှာ ဘာရောဂါလက္ခဏာမှ မရှိပါဘူး၊ ရောဂါလက္ခဏာ မရှိသူတွေကို ဗိုင်းရပ်စ်သွားစစ်ဆေးဖို့ ကျွန်တော်တို့ မလိုလားပါဘူး၊ ကျွန်တော် ဗိုင်းရပ်စ်စစ်ဆေးမှာ မဟုတ်ဘူးလို့ ပြောတာမဟုတ်ဘူးနော်" လို့ သမ္မတထရန့်က ပြောပါတယ်။ မကြာခင် ဗိုင်ရပ်စ်စစ်ဆေးသွားဖွယ်ရှိတယ်လို့ ထရန့်ကဆိုပါတယ်။
အမေရိကန်မှာ လူဦးရေ သန်း ၇၀ မှ သန်း ၁၅၀ အထိ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ကြောင်း ကွန်ဂရက် (United States Congress)သို့ပေးပို့တဲ့ ခန့်မှန်းချက်တစ်ရပ်မှာ ဖော်ပြထားတယ်လို့လည်း လွှတ်တော်အမတ် Rashida Tlaib က အောက်လွှတ်တော် (United States House of Representatives) မှာ ပြုလုပ်ခဲ့တဲ့ သမ္မတရဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များနဲ့ ကြားနာမှုတစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
(Photo: Darrl Dyck/The Globe and Mail)
မတ်လ ၁၄ ရက် မနက်ပိုင်းအထိ စာရင်းတွေအရ အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂,၀၃၄ ဦးရှိလာပြီး သေဆုံးသူ ၄၃ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ ထိုအတောအတွင်း COVID-19 ဗိုင်းရပ်စ်ကို ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပေမဲ့ ယခုအခါ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ပျံ့နှံ့မှုရဲ့ ဗဟိုချက်နေရာဟာ ဥရောပဖြစ်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က မတ်လ ၁၃ ရက်မှာ ပြောပါတယ်။ COVID-19 ကို ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားနေတဲ့ ကူးစက်မြန် ကပ်ရောဂါအဖြစ် WHO က မတ်လ ၁၁ ရက်နေ့မှာ ကြေညာထားပါတယ်။
(Photo: Mark Ralston/AFP/Getty Images)
ဥရောပမှာ အီတလီဟာ တရုတ်ပြီးလျှင် ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်ပွားနေတဲ့ နိုင်ငံဖြစ်ပြီး မတ်လ ၁၄ ရက် မနက်ပိုင်းအထိ ကူးစက်ခံရသူ ၁၇,၆၆၀ ဦးနဲ့ သေဆုံးသူ ၁,၂၆၆ ဦးအထိ မြင့်တက်လာပါတယ်။ အခြား ဥရောပနိုင်ငံတွေဖြစ်တဲ့ စပိန်၊ ဂျာမနီ၊ ပြင်သစ်၊ ဆွစ်ဇာလန် အစရှိတဲ့ နိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ မြင့်တက်နေပြီး စပိန်မှာ အရေးပေါ်အခြေအနေ ကြေညာထားကြောင်း သိရပါတယ်။
Source: AFP, CNN