COVID-19 ကပ်ရောဂါ အကျပ်အတည်းက မကြာခင် ပြီးဆုံးသွားမှာ မဟုတ်ကြောင်းနဲ့ နိုင်ငံအများအပြားဟာ ဗိုင်းရပ်စ်တိုက်ဖျက်ရေး အစောပိုင်းအဆင့်တွေမှာသာ ရှိနေသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အဖွဲ့အစည်း (World Health Organization - WHO) က ယမန်နေ့ (ဧပြီ ၂၂ ရက်) မှာ သတိပေးခဲ့ပါတယ်။
(Photo: Reuters)
ကပ်ရောဂါဟာ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ်အဖြစ်သာမက ကမ္ဘာတစ်ဝှမ်း စီးပွားရေးကျရှုံးမှုကိုလည်း ဖြစ်စေခဲ့ပြီး လုပ်ငန်းများ ရှင်သန်ရပ်တည်နိုင်ရေး ရုန်းကုန်နေရမှု၊ လူဦးရေ သန်းနဲ့ချီ အလုပ်အကိုင် ဆုံးရှုံးရမှုနဲ့ နောက်ထပ် လူဦးရေ သန်းနဲ့ချီ ငတ်မွတ်ခေါင်းပါးမှု အခြေအနေ ရင်ဆိုင်နေကြရပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး အမေရိကန်မှ ကျန်းမာရေးကျွမ်းကျင်သူတွေကလည်း ၎င်းတို့နိုင်ငံဟာ လာမယ့် ဆောင်းရာသီမှာ COVID-19 နောက်တစ်ကြိမ် ကူးစက်ဖြစ်ပွားတဲ့ ဒုတိယလှိုင်း ကြုံတွေ့ရနိုင်တယ်လို့ သတိပေးထားပါတယ်။ အမေရိကန်မှာ ပြည်နယ်အချို့က စီးပွားရေးလုပ်ငန်းများကို ရွေးချယ်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် စီစဥ်ခဲ့ကြပါတယ်။
(Photo: AFP)
ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးဟာ ကပ်ရောဂါတိုက်ဖျက်ရေး အပြင်းအထန် အားထုတ်ကြိုးပမ်းနေကြရပါတယ်။ ယနေ့ မနက်အစောပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၂.၆ သန်းကျော် (၂,၆၃၂,၅၃၂ ဦး) နဲ့ သေဆုံးသူ ၁၈၃,၈၆၆ ဦးအထိ ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရပြီး ပြန်လည်သက်သာသူ ၇၁၆,၈၇၇ ဦးရှိခဲ့ပါတယ်။ COVID-19 ကူးစက်မှုနှုန်း လျော့ကျလာတဲ့ နိုင်ငံအချို့က ဗိုင်းရပ်စ်တိုက်ဖျက်ရေး သွားလာလှုပ်ရှားမှု ပိတ်ပင်ကန့်သတ်ထားတဲ့ lockdown အစီအမံတွေကို ရုပ်သိမ်းလာနေမှုအပေါ် WHO အကြီးအကဲ Tedros Adhanom Ghebreyesus သတိပေးခဲ့ပါတယ်။
(Photo: Reuters)
"အမှားတွေ မလုပ်ကြပါနဲ၊ ကျွန်တော်တို့ ခရီးရှည်သွားကြရမှာပါ၊ ဒီဗိုင်းရပ်စ်က ကျွန်တော်တို့နဲ့အတူ အချိန်ရှည်ကြာ ရှိနေပါလိမ့်မယ်" လို့ ၎င်းက ပြောပါတယ်။ "နိုင်ငံအများစုက ကူးစက်ဖြစ်ပွားမှု အစောပိုင်းအဆင့်တွေမှာပဲ ရှိနေကြပါသေးတယ်၊ ကပ်ရောဂါ စောပြီးဖြစ်ပွားခဲ့တဲ့ နိုင်ငံအချို့မှာ အခု ကူးစက်မှုတွေ ပြန်ဖြစ်လာနေပါတယ်" လို့ WHO အကြီးအကဲက ဆိုပါတယ်။
Source: AFP