မေလအတွင်းမှာ အကယ်ဒမီ မကျင်းပဖြစ်တော့ဘူးလို့ ဆိုပါတယ်။

 ၂၀၁၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကို မေလ အတွင်းမှာ မကျင်းပနိုင်တော့တဲ့ အကြောင်း ကို ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က ပြောပြလာပါတယ်။

Photo: Nyi Nyi



 ၂၀၁၉ ခုနှစ်အတွက် ပေးအပ်မယ့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မိုးမကျခင် မေလလောက်မှာ ကျင်းပဖို့ စီစဥ◌်ထားပေမယ့်လည်း COVID-19 ရောဂါအခြေအနေတွေကြောင့် မေလအတွင်းမှာ မကျင်းပဖြစ်တော့ဘူးလို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က Duwun ကို ပြောပါတယ်။

 " မေလ လောက် ပွဲလုပ်ဖြစ်တယ်လို့ ပြောပေမယ့်လည်း အခုက (၁၅) ရက်နေ့ အထိ ဖြစ်သွားတော့ အကယ်ဒမီပွဲ မလုပ်ဖြစ်ဘူး။ ပွဲကို နှစ် နှစ်ပေါင်းပြီး လုပ်ဖြစ်မလား၊ ဒါမှ မဟုတ် ဇူလိုင်နဲ့ သြဂုတ် တို့မှာ COVID-19 ကိစ္စ တော်တော်လေးကို အေးချမ်းသွားပြီဆိုရင်တော့ Indoor လုပ်ရင်ကောင်းမလား ဆိုတာကိုတော့ ဆွေးနွေးညှိနှိုင်းပြီး လုပ်မှရမှာတွေရှိသေးတယ်" လို့ ဆိုပါတယ်။

Photo:Myanmar Film Academy

COVID-19 ကူးစက်ရောဂါကြောင့် လူစုလူဝေး လုပ်လို့မရတဲ့အတွက် ဘယ်အချိန်မှာ အကယ်ဒမီပေးပွဲကို ကျင်းပဖြစ်မယ်ဆိုတာကို သေသေချာချာ မပြောနိုင်သေးသလို အစည်းအရုံးပြန်ဖွင့်ပြီး အလုပ်လုပ်ဖို့တောင် အခက်အခဲတွေ ရှိတယ်လို့ ဥက္ကဌ ဦးညီညီထွန်းလွင်က ပြောပါတယ်။

 " အခုချိန်မှာ အကယ်ဒမီအတွက် လုပ်လက်စ တန်းလန်းဖြစ်နေတဲ့ဟာတွေလည်းရှိသေးတယ်။ အကယ်ဒမီရုပ်တုတွေကို စရံပေးပြီး မှာထားတုန်းရှိသေးတာဆိုတော့ ပွဲအတွက်က ဘာမှ မပြောနိုင်သေးဘူး။ ဒီအခြေအနေမှာ အကယ်ဒမီ ပေးပွဲအတွက် ဘာမှမစဉ်စားရသေးပါဘူး။အစည်းအရုံးကိုတောင်မှ (၄) ရက်နေ့ တစ်ရက် ပြန်ဖွင့်ပြီး အသင်းဝင်ကတ်တွေ လုပ်စရာရှိတာ လုပ်ပေးပြီးရင် ပြန်ပိတ်ရမယ့် အနေအထားမှာ ရှိတော့ အကယ်ဒမီပေးပွဲကို ဘယ်အချိန်မှာ လုပ်ဖြစ်မယ် ဆိုတာလည်း အတိအကျပြောလို့ မရသေးဘူး" လို့ သူကဆက်လက် ပြောပြခဲ့ပါတယ်။

Photo: Nyi Nyi

၂၀၁၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးဟာ ရုပ်ရှင် နှစ်(၁၀၀) ပြည့်အထိမ်းအမှတ်လည်း ဖြစ်တာကြောင့် အနုပညာလောကသားတွေအတွက် အမှတ်တရ ဖြစ်လာမယ့် ပွဲကြီးတစ်ပွဲဆိုရင်လည်း မမှားပါဘူး။ ဒီနှစ် အကယ်ဒမီပေးပွဲမှာ Bella က Sponsor ပေးထားတာဖြစ်ပြီး Star Event မှာ ကိုဂျွန်လွင်က ပွဲစီစဉ်ဖို့အတွက် တာဝန်ယူထားတာ တွေ့ရပါတယ်။ အကယ်ဒမီပေးပွဲမှာ ပါဝင်မယ့် ရွှေကြိုမောင်မယ် တွေကိုလည်း ရွေးချယ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က