ကြည်နူးစရာ ကောင်းလှပါတယ်။

အဆိုတော် နီတာက Covid-19 ရောဂါပိုးကို အနိုင်ယူနိုင်ခဲ့ပြီး ဒီနေ့မှာ မိသားစု ရှိရာ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပါပြီ။

 

Photo : နီတာ

အဆိုတော်နီတာကတော့ သူအရမ်း တွေ့ချင်နေတဲ့ မိသားစုနဲ့ ပြန်လည်ဆုံတွေ့ခွင့်ကို ရခဲ့ပါပြီ။ Covid-19 ရောဂါပိုးကို အနိုင်ယူနိုင်ခဲ့ပြီး ဒီနေ့မှာ မိသားစု ရှိရာ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပါပြီ။ နီတာက သူရဲ့ဖေ့စ်ဘွတ်မှာလည်း “အချစ်ဆုံးလေးသုံးယောက်နဲ့ အခုဆုံရပါပြီ” ဆိုတဲ့ စာသားလေးနဲ့ မိသားစုနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို တွဲပြီး ဒီနေ့(မေလ၃၀ရက်)မှာ တင်ထားခဲ့ပါတယ်။ ပျော်ရွှင်နေတဲ့ မိသားစု ပုံရိပ်လေးကို ကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးလို့ နေကြပါတယ်။

Photo : နီတာ

အဆိုတော် နီတာက သမီးလေးတွေနဲ့ ပြန်တွေ့ချိန်မှာ ကလေးတွေစားချင်တာတွေ ကိုလိုက်ကျွေးချင်တယ်လို့ Duwun ကို ပြောဖူးပါတယ်။

" ကလေးတွေဆီ ပြန်ရတဲ့အခါကျရင် စတွေ့တာနဲ့ ကလေးတွေကို နမ်းချင်တယ်။ သမီးတွေကိုလည်း လွမ်းနေပြီဆိုတော့ သူတို့တွေကို ဖက်ထားချင်တယ်။ အဖေကိုလည်း သူတို့ တော်တော် လွမ်းနေကြပြီ။ သူတို့ ကြိုက်တာလေးတွေကို သူတို့ စိတ်ကျေနပ်အောင် လိုက်ကျွေးမယ်။ သမီး နှစ်ယောက်စလုံးက ကြေးအို နဲ့ ဟော့ပေါ့ အရမ်းကြိုက်တာ။ ကြေးအိုး အရင်လိုက်ကျွေးမယ်။ အပြင်သွားလို့ရရင် သူတို့ကို ဟော့ပေါ့လိုက်ကျွေးမယ်။ သူတို့ အနားမှာ ပျော်ပျော်ပါးပါးနေသွားမယ် လို့ စဉ်းစားထားပါတယ်" ဆိုပါတယ်။ 

 

Photo : နီတာ

နီတာဟာ Covid-19 ရောဂါပိုး Positive ဖြစ်ပြီးနောက် ဝေဘာဂီဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရရင်း မိသားစုနဲ့ တစ်လကျော်လောက် ခွဲခဲ့ရတာ ဖြစ်ပါတယ်။ သူကတော့ ဆေးကုသမှု ခံယူနေရင်း Negative (၂)ကြိမ်ပြလို့ မေလ(၉) ရက်နေ့မှာ ဝေဘာဂီဆေးရုံကဆင်းခဲ့ရပြီး ဖောင်ကြီးက Covid-19 ကုသရေးစင်တာမှာ (၂)ပတ်တိတိ Quarantine ဝင်ခဲ့ပါတယ်။ အဲဒီနောက် မေလ(၂၁)ရက်နေ့မှာ (၁၀)မိုင်မှာရှိတဲ့ မိဘရဲ့နေအိမ်တွင် Home Quarantine ထပ်ဝင်ခဲ့ရပြီး နောက်ဆုံးမှာ မိသားစုနဲ့ ပြန်လည်ဆုံဆည်းခွင့် ရခဲ့တာလည်းဖြစ်ပါတယ်။

အဆိုတော်နီတာဟာ Covid -19 ရောဂါပိုးပျောက်ကင်းသွားချိန်မှာ Covid -19 ရောဂါပိုးရှိသူတွေကို ကုသမယ့် သွေးရည်ကြည်ကုထုံးအတွက် သူ့ရဲ့သွေးကို ဝေဘာဂီ ဆေးရုံကြီးမှာ ပြန်လည်လှူဒါန်းခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က