အခုလို ပြန်လည်ကောင်းမွန်လာတာဟာ ကျန်းမာရေးဆရာဝန်တွေရဲ့ သေချာပြုစုပေးမှုတွေကြောင့် ဖြစ်တယ်လို့ အဆိုတော် နီတာက ပြောပါတယ်။
Photo: Ni Tar
Covid-19 ရောဂါကို ကူးစက်ခံနေရလို့ ဝေဘာဂီဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတဲ့အဆိုတော် နီတာမှာ အခုဆိုရင် ရောဂါပိုး မတွေ့ရှိရတော့ဘူးလို့ သိရပါတယ်။ ရောဂါပိုးစစ်ဆေးကြည့်ရာမှာ (၂)ကြိမ်ဆက်တိုက် Negative အဖြေထွက်နေတာကြောင့် မကြာခင်မှာ ဆေးရုံက ဆင်းခွင့်ရတော့မယ်လို့ သူက ဆိုပါတယ်။
“ဒီနေ့ အစ်ကိုက Double Negative ဖြစ်ပြီဆိုတော့ မနက်ဖြန် ဆေးရုံက ဆင်းရပြီ။ အခုလို ဆေးစစ်ချက်ရ ဖို့အတွက် ကြိုးစားပြီးတော့ ဖြတ်သန်းနေရတာဖြစ်တဲ့အတွက် အရမ်းပျော်ရတယ်။ အစ်ကိုက ဆေးရုံကနေ ဆင်းပြီး Facility Quarantine (၂) ပတ် ထပ်ဝင်ရဦးမယ်။ အဲဒါပြီးရင်တော့ Home Quarantine (၁) ပတ် ထပ် ဝင်ရမယ်။ ဘယ်မှာ ထပ်ဝင်ရမယ် ဆိုတာသေချာ မသိရသေးပါဘူး”လို့ သူက Duwun ကိုပြောပါတယ်။
Photo: Ni Tar
အဆိုတော် နီတာရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေက ကောင်းမွန်နေပြီး ဝေဘာဂီဆေးရုံမှာ ဆေးကုသမှု ခံယူနေရစဥ် ဖြတ်သန်းခဲ့ရတဲ့ သူ့ရဲ့ ဖြတ်သန်းမှုကိုလည်း ယခုလို ဝေမျှထားပါသေးတယ်။
“ လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေကောင်းနေပါပြီ။ Pressure နည်းနည်းလေး ကျတာလောက်ပဲ ရှိတာပါ။ ဆေးရုံမှာ နေတဲ့အချိန်ဆိုရင် အစ်ကိုက မနက်ဆိုရင် ၆ နာရီထတယ်။ မျက်နှာသစ် သွားတိုက်ပြီးရင် ကျမ်းစာဖတ်တယ်၊ ဆုတောင်းတယ်။ မနက်စာ စားတယ် ဆေးသောက်တယ်၊ သီချင်းတွေနားထောင်တယ်၊ နေ့လည်ဆိုရင် နေ့လည်စာ စားတယ်၊ ဆေးသောက်တယ်၊ ညပိုင်းဆိုရင် ၁၀ နာရီခွဲ၊ ၁၁ နာရီလောက်ဆို အကုန်လုံး အိပ်ရတယ်။ ဒီလိုပဲ တစ်နေ့တာဖြတ်သန်းရတာပဲ” လို့ သူက ဆိုပါတယ်။
Photo: Ni Tar
လက်ရှိမှာလည်း Negative အဖြေကြောင့် နီတာရဲ့ မိသားစုဝင်တွေ အားလုံးက ဝမ်းသာနေကြသလို သူ့ရဲ့ ပရိသတ်တွေကလည်း ဝမ်းသာလို့နေကြပါတယ်။ သူအခုလို ပြန်လည်ကောင်းမွန်လာတာဟာ ဆရာ၊ဆရာမတွေရဲ့ သေချာပြုစုပေးမှုကြောင့် ပါတယ်လို့ သူက ပြောပါတယ်။
“ အခုချိန်မှာ အစ်ကို့ မိသားစုတွေကလည်း ဝမ်းသာနေကြတယ်။ ဒီလိုအဖြေရဖို့ဆိုတာ မလွယ်ကူဘူးလေ။ COVID-19 က တစ်ကမ္ဘာလုံးမှာ သေတဲ့သူတွေရှိတာတောင် ရှိနေကြတာဆိုတော့ မဖြစ်နိုင်ဘူးပေါ့၊ ရာခိုင်နှုန်းနည်းတယ်လေ။ ပြီးတော့ အစ်ကိုနေထိုင်တာတွေကလည်း ဆရာဝန်၊ ဆရာမတွေ ညွှန်ကြားတဲ့အတိုင်း အစ်ကိုကြိုးစားပြီးတော့နေတယ်။ ဆရာ၊ ဆရာမတွေကလည်း သေချာ ပြုစုပေးလို့သာ အခုလို ပြန်ကောင်းလာတာပါ” လို့ သူက ဆိုပါတယ်။
Photo: Ni Tar
အဆိုတော် နီတာဟာ အစိုးရကကျန်းမာရေး အသိပေးချက်တွေ စကြေညာတဲ့ မတ်လ(၁၃) ရက်နေ့ကစပြီး Stay Home နေခဲ့ပေမယ့် မတ်လ (၂၉)ရက်နေ့မှာ ဘာသာရေးအခမ်းအနားနဲ့ ပတ်သက်တဲ့ ရိုက်ကူးရေးတစ်ခု ပြုလုပ်ပြီးနောက်မှာ စောင့်ကြည့်လူနာအဖြစ် အင်းစိန်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ပြီး Positive အဖြေထွက်လာချိန်မှာတော့ ဝေဘာဂီဆေးရုံကြီးကို ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။သူဟာ မိဘနေအိမ်ဖြစ်တဲ့ အင်းစိန်မှာ နေထိုင်ခဲ့တာကြောင့် ဧပြီလ (၁၆) ရက်နေ့က ထုတ်ပြန်တဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ရောဂါပိုးတွေ့ရှိသူ စာရင်းမှာအင်းစိန်မြို့နယ်နေ အသက်(၄၀) အရွယ် ကျားတစ်ဦး အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
Share