ကရင်ပြည်နယ် မြဝတီနယ်စပ်ကတဆင့် ထိုင်းနိုင်ငံကနေ ကွန်တိန်နာ ၃စီးနဲ့ သယ်ဆောင်လာပြီး ရန်ကုန်မြို့ကို ပို့ဆောင်ဖို့ ထွက်ခွာသွားပြီလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ - Saw Nay Nwe Facebook
တစ်ရက်ကို လူ ၁၄၀၀ကျော် COVID-19 ရှိ/မရှိ စစ်ဆေးပေးနိုင်တဲ့စက် မြန်မာနိုင်ငံကို ဒီနေ့ ဧပြီလ ၂၁ရက်နေ့ မွန်းလွဲ ၂နာရီကျော်လောက်မှာ မြဝတီမြို့ကို ရောက်ရှိလာခဲ့တယ်လို့ မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စား လှယ် ဦးသန့်ဇင်အောင်က Duwunကိုပြောပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ရှိ အမှတ်(၂)တံတားကတဆင့် ကွန်တိန်နာ ၃စီးနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ရန်ကုန်မြို့ကို ဆက်လက်ထွက်ခွာသွားပြီလို့လည်း သိရပါတယ်။ “ထိုင်းကနေဝင်လာတဲ့ ကွန်တိန်နာ ၃စီးနဲ့ပဲ ရန်ကုန်မြို့ကို ဆက်လက်ထွက်ခွာသွားပါပြီ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို AA Medical Product ကုမ္ပဏီက လှူဒါန်းတာလို့သိရပါတယ်။”လို့ ဦးသန့်ဇင်အောင် ကပြောပါတယ်။
ဓာတ်ပုံ - Saw Nay Nwe Facebook
ရောဂါစစ်ဆေးပေးတဲ့ စက်အပါအဝင် ကျပ်သိန်း၈၀၀၀ကျော် တန်ဖိုးရှိတဲ့ ဆေးဝါးနှင့် ဆေးပစ္စည်းတွေကိုလည်း AA Medical Products Ltd က ဧပြီ ၅ ရက်မှာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာတော့ တစ်ရက်ကို စောင့်ကြည့်လူနာ ၃၀၀ဝန်းကျင်ကို COVID-19 ရောဂါရှိမရှိစစ်ဆေးပေးနေပြီး COVID-19 ရောဂါပိုးရှိသူ ၁၁၉ဦးထိရှိကာ ရောဂါပိုးပြန်လည်ပျောက်ကင်းသူ ၉ဦး၊ သေဆုံးသွားသူကတော့ ၅ဦးရှိပါတယ်။