ကမ္ဘာတစ်ဝှမ်း COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေစဥ် ဧပြီ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တောင်ကိုရီးယား လွှတ်တော်ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရပါတီက အနိုင်ရခဲ့ကြောင်း ရေတွက်ပြီးသမျှ မဲရလဒ်တွေအရ သိရှိရပါတယ်။
(သမ္မတမွန်ဂျေအင်းနှင့်ဇနီး မဲပေးစဥ်) (Photo: Reuters)
ရွေးကောက်ပွဲမှာ သမ္မတမွန်ဂျေအင်းရဲ့ ဒီမိုကရက်တစ်ပါတီက လွှတ်တော်အမတ်နေရာ ၃၀၀ အနက် ၁၆၃ နေရာအတွက် အနိုင်ရရှိထားပြီး အများစုနီးပါး ဖြစ်ပါတယ်။ ၎င်းရဲ့ မိတ်ဖက်ပါတီကလည်း အမတ်နေရာ ၁၇ နေရာမှာ အနိုင်ရရှိခဲ့ရာ နှစ်ပါတီပေါင်း အမတ်နေရာ ၁၈၀ အထိ ရှိလာမယ်လို့ ဆိုပါတယ်။
အဓိက ကွန်ဆာဗေးတစ် အတိုက်အခံပါတီ United Future Party (UFP) နဲ့ မဟာမိတ်ပါတီကတော့ အမတ်နေရာ ၉၇ နေရာမှာ အနိုင်ရခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ တောင်ကိုရီးယားမှာ လွှတ်တော်ရွေးကောက်ပွဲကို COVID-19 ကပ်ရောဂါကာလအတွင်း ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ မဲပေးသူအရေအတွက်က စံချိန်တင်များပြားခဲ့ကြောင်းလည်း သိရပါတယ်။
(အာဏာရပါတီကို ထောက်ခံသူများ) (Photo: AFP)
ယခု ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၆၆.၂ ရာခိုင်နှုန်းအထိ လာရောက်မဲပေးခဲ့ကြပြီး ၁၉၉၂ ခုနှစ်နောက်ပိုင်း အများဆုံးဖြစ်ခဲ့ပါတယ်။ တောင်ကိုရီးယားဟာ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဥ်အတွင်း ရွေးကောက်ပွဲပြုလုပ်တဲ့ ပထမဆုံးနိုင်ငံတွေအနက် အပါအဝင်လည်း ဖြစ်လာပါတယ်။
လက်ရှိအချိန်အထိ တောင်ကိုရီးယားမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ နေ့စဥ် ရှိနေဆဲဖြစ်ပြီး လူများ ခပ်ခွာခွနေကြရန် အပါအဝင် စီမံဆောင်ရွက်ချက်တွေ ချမှတ်လုပ်ဆောင်နေပါတယ်။ ယမန်နေ့ (ဧပြီ ၁၅ ရက်) ညပိုင်းအထိ စာရင်းတွေအရ တောင်ကိုရီးယားမှာ COVID-19 ကူးစက်ခံရသူ ၁၀,၆၁၃ ဦး၊ သေဆုံးသူ ၂၂၉ ဦးနဲ့ ပြန်လည်သက်သာသူ ၇,၇၅၇ ဦရှိခဲ့ကြောင်း သိရပါတယ်။