မေလ(၁၈) ရက်နေ့ကနေ ဇွန်လ(၇) ရက်နေ့ အထိ သတ်မှတ်ထားပါတယ်။

ရုပ်ရှင်ဖန်တီးမှုအတတ်ပညာကို ဝါသနာပါသူတွေအတွက် COVID-19 ကာလမှာ ကြုံတွေ့ခဲ့ရတဲ့ အရာတွေကို ဇာတ်လမ်းတိုတစ်ခု ဖန်တီးပြီး ပြိုင်ပွဲ ဝင်လို့ရမယ့် Snack Film Festival ကို မေလ ၁၈ ရက်နေ့မှာ စတင်ကျင်းပလျက်ရှိတယ်လို့ သိရပါတယ်။

Photo: Law Ka



COVID-19 ကာလမှာကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာလေးတွေကို ဗီဒီယိုလေးတွေရိုက်ပြီး ပြိုင်ပွဲဝင်လို့ရမယ့် ပွဲတော်အဖြစ် Snack Film Festival ပွဲတော်ကို လောကမီဒီယာနဲ့ Counseling Corner တို့က မေလ (၁၈) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီပွဲတော်နဲ့ ပတ်သက်ပြီး ပွဲစီစဉ်သူ ကိုအောင်ပြည့်စုံက အခုလို ပြောပြလာပါတယ်။

"ဧပြီလကစလို့ အစိုးရပိုင်းက တာဝန်ရှိသူတွေက ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့ပွားမှုကို လျှော့ချဖို့ အများပြည်သူအားလုံးကို အိမ်မှာပဲနေဖို့ တရားဝင်တိုက်တွန်းခဲ့ပါတယ်။ တချို့တွေက ကံကောင်း ထောက်မစွာနဲ့ မိသားစုနဲ့အတူ ရှိနေရပေမယ့် အများစုကတော့ တကွဲတပြားစီ သီးသန့် နေကြရတာကို တွေ့ရပါတယ်။ သီးသန့်ခွဲနေရတာက တကယ်ခက်ခဲပါတယ်။ အဲ့ဒါကြောင့် အခုလို သီးသန့်ခွဲနေရတာ ရဲ့ သက်ရောက်မှုတွေကို ပိုပြီးသတိထားမိလာအောင် ပြီးတော့ ဒီလိုခက်ခဲတဲ့ကာလမှာ သူတို့ရဲ့ ဆန်းသစ်ဖန်တီးနိုင်စွမ်းတွေကိုလည်း အားပေးရာရောက်စေဖို့ အိမ်မှာနေရတဲ့ကာလမှာ နေ့စဉ်ကြုံတွေ့ ရတဲ့ အဖြစ်အပျက်တွေအကြောင်းကို ဗီဒီယိုတစ်ခုအဖြစ် ပြောင်းလဲပြီး အများပြည်သူကို ပြသနိုင်ဖို့ ဒီပလက်ဖောင်းကို ဖန်တီးမယ်ဆိုပြီး ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာပါ။" ဟု လောက မီဒီယာမှ စီမံကိန်း တာဝန်ခံဖြစ်သူ ကိုအောင်ပြည့်စုံက ရှင်းပြခဲ့သည်။

Photo: Grace Swe Zin Htike

ပြိုင်ပွဲဝင်မယ့် ဗီဒီယိုဖိုင်တွေကိုတော့ ၂၀၂၀ ခုနှစ် ဇွန်လ (၇) ရက်နေ့အထိ နောက်ဆုံးထားပြီး snackfilmfest@gmail.com ကို Email ပေးပို့ရမယ်လို့ သိရပါတယ်။ ဗီဒီယိုဖိုင်ကို Mobile ဖုန်းဖြင့်သာ ရိုက်ကူးရမှာဖြစ်ပြီး ကြာချိန်(၃) မိနစ်ထက် မကျော်ရဘူးလို့ သူက ဆိုပါတယ်။ ပြိုင်ပွဲဝင်များမှ ပေးပို့လာတဲ့ ဗီဒီယိုဖိုင်တွေကို အကဲဖြတ်ဒိုင်လူကြီး(၅) ယောက်က စိစစ်အကဲဖြတ်သွားမှာဖြစ်ပြီး ပထမအကြိမ်(၁၀)ဦးရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရွေးချယ်ခံရတဲ့ (၁၀) ဦးထဲကမှ ပရိသတ် မဲအများဆုံး ဆု ဆုငွေ(၁၀)သိန်း၊ အကဲဖြတ်ဒိုင်လူကြီးများ ရွေးချယ်ပေးသော ဆု ဆုငွေ(၁၀) သိန်း စတဲ့ ရုပ်ရှင်ဆု(၂) ဆုချီးမြှင့်သွားမယ်လို့ သိရပါတယ်။ 

Photo: Grace Swe Zin Htike

Snack Film Festival ပွဲမှာ အကဲဖြတ်ဒိုင်လူကြီး တစ်ဦးအနေနဲ့ ပါဝင်သွားမယ့်သူကတော့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဆွေဇင်ထိုက်ဖြစ်ပါတယ်။ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး သူမရဲ့ သဘောထားကို အခုလို ပြောလာပါတယ်။

 "ဒီပွဲတော်က ပြိုင်ပွဲတစ်ခုတင်မကပါဘူး။ ကျွန်မတို့အားလုံးက ရုပ်ရှင်ရိုက်ကူးရေးနဲ့ ပတ်သက်လို့ အသုံးဝင်ပြီး အကျိုးရှိမယ့်အကြောင်းအရာတွေကို ပြိုင်ပွဲဝင်တွေနဲ့ မျှဝေသွားမှာဖြစ်လို့ ဒါက ရုပ်ရှင်နယ်ပယ်နဲ့ ပတ်သက်ပြီး လေ့လာလို့ရမယ့် နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒီပွဲတော်မှာပါဝင်ရင်း မြန်မာရုပ်ရှင် ရိုက်ကူးရေးအသိုင်းအဝိုင်းကို အထောက်အပံ့ပြုရတာ၊ ပြီးတော့ တကယ်အရေးကြီးတဲ့ လူမှုရေးကိစ္စတစ်ခုကို လူတွေပိုသတိထားမိလာအောင် ကူညီဆောင်ရွက်ပေးရလို့ ကျွန်မဝမ်းမြောက်မိ ပါ တယ်။"လို့ သူကဆိုပါတယ်။  

 

Photo: Grace Swe Zin Htike

Snack Flim Festival ပွဲတော်မှာ အကဲဖြတ်ဒိုင်လူကြီးများအဖြစ် အကဲဖြတ်ဒိုင်လူကြီးတွေ ဖြစ်ကြတဲ့ အကယ်ဒ မီ ဆွေဇင်ထိုက်၊ ရုပ်ရှင်ဓါတ်ပုံပညာရှင်၊ဒါရိုက်တာဖြစ်သူ မောင်မောင်သာမြင့်၊ ဝဿန်ရုပ်ရှင်ပွဲတော်ကို ပူးတွဲတည်ထောင်သူ ကိုသိဒ္ဓိ၊ 3-ACT ကို ပူးတွဲတည်ထောင်သူ မမိုးမြတ်မေဇာခြည် နှင့်ဘူဆန်ရုပ်ရှင်ပွဲတော်၏ ရုပ်ရှင်တာဝန်ခံ ကင်ယောင်ဝူး တို့ကပါဝင်သွားမယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က