မိသားစုနဲ့ အတူတူနေတာဆိုတော့ မိဘတွေကို ပိုအချိန်ပေးဖြစ်တယ်။

ထားထက်ထက်ဟာ COVID-19 ကာလမှာ သူမ ချစ်ရသူတွေ၊ မိတ်ဆွေတွေနဲ့ အရမ်းတွေ့ချင်နေတယ်လို့ ဆိုပါတယ်။ 

Photo: Htar Htet Htet



ထားထက်ထက်ကတော့ COVID-19 ကာလမှာ We Love Yangon အဖွဲ့နဲ့ ပူးပေါင်းပြီး ပရဟိတ လုပ်ငန်းတွေ၊ အများ အကျိုးပြု အလုပ်တွေ ဆောင်ရွက်နေတာ တွေ့ရပါတယ်။ အခုချိန်မှာတော့ သူချစ်ရတဲ့သူတွေ အများကြီးနဲ့ တွေ့ဆုံချင်တယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။ 

“ အခုလို ဖြစ်နေတဲ့အချိန်မှာ တွေ့ချင်တဲ့သူတွေကတော့ အများကြီးပါပဲ။ သတိလည်းရတယ်။ ကိုယ်တိုင်က တော့ မိသားစုနဲ့ အခု အတူတူနေတာဆိုတော့ တခြားအပြင်မှာ ကိုယ်ချစ်ရတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို အခုလို ဖြစ်နေတဲ့ အချိန်မှာ ပိုပြီးတော့ သတိရပါတယ်။ Stay Home ဖြစ်နေတဲ့အချိန်မှာ ကိုယ့်မိသားစုကို ပိုပြီးတော့ အချိန်ပေးနိုင်တယ်။ ဒါပေမယ့် ကိုယ်ချစ်ရတဲ့ သူငယ်ချင်းလေးတွေ ဆီကနေ ဂရုတစိုက် စကားပြောလာတာကို လိုချင်တယ်။ သူတို့ကို ချစ်တဲ့ စိတ်ကလည်း ပိုတိုးလာတယ်လို့ ခံစားမိပါတယ်”လို့ သူက ဆိုပါတယ်။ 

Photo: Htar Htet Htet

လက်ရှိမှာလည်း ဇာတ်ကားရိုက်ကူးရေးတွေ ရပ်နားထားတယ်လို့ ထားထက်ထက်က ပြောပါတယ်။ စီးပွားရေးတွေ ထိခိုက်ရတဲ့ အချိန်ဖြစ်တာကြောင့် အားတင်းထားကြပါလို့လည်း သူကဆိုပါတယ်။ 

“ ကပ်ကြီး ပြီးသွားရင်တော့ စီးပွားရေးထိခိုက်သွားတာ တစ်ယောက်တည်း မဟုတ်ဘဲ အကုန်လုံးဖြစ်တဲ့အတွက် အစအဆုံး အကုန်ပြန်ကြိုးစားရမယ်လို့ ထင်ပါတယ်။ အလုပ်တွေဆိုရင်လည်း အကြီးအကဲ အုပ်ချုပ်သူက အစ ဟိုးအောက်က ဝန်ထမ်းအထိ ကောင်းကောင်းပြန်လည်ပတ်ဖို့ အချိန်အများကြီး ယူရမယ်လို့ထင်တယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာအရ အိမ်မှာအကြာကြီးနေရင်လည်း လူတွေက ထိခိုက်လာနိုင်တယ်။ အဲဒီအတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ အားတင်းထားဖို့လည်း လိုတယ်လို့ ပြောချင်ပါတယ်” လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

Photo: Htar Htet Htet

ထားထက်ထက်ဟာ Miss Grand Myanmar 2013 ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ အလှမယ်တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီပြိုင်ပွဲကြီးကနေ တဆင့် အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေကို ဝါရင့် သရုပ် ဆောင်တွေနဲ့ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမ တက်ကျွမ်းတဲ့ အားကစားတစ်ခုဖြစ်တဲ့ ကျွမ်းဘားကိုလည်း သင်တန်းပို့ချနေတာကို တွေ့ရပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က