သူ့ရဲ့ Stay Home အကြောင်းကို ပြောပြလာပါတယ်။

ဇဏ်ခီကတော့ COVID-19 ကြောင့် အိမ်မှာ အနားယူရင်း မိသားစုတွေ၊ သူငယ်ချင်းတွေကို တန်ဖိုး ပိုထားတတ်လာတယ်လို့ပြောပါတယ်။ 

photo: Amazing Grace



COVID-19 ကာကွယ်ရေးအတွက် ကျန်းမာရေးဂရုစိုက်မှုတွေဆောင်ရွက်နေတဲ့ အနုပညာရှင်တွေထဲမှာ မင်းသားချော ဇဏ်ခီလည်း အပါအဝင်ဖြစ်ပါတယ်။ အိမ်မှာအနားယူနေတဲ့ သူ့ရဲ့ ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။ 

“ ကျွန်တော်တို့ အခု အိမ်ပြင်မထွက်ရတဲ့ ကိစ္စတွေဟာ COVID-19 ပေးတဲ့လက်ဆောင်လို့မှတ်ပါတယ်။ အရင်တုန်းက တန်ဖိုးမထားတတ်တဲ့ အရာတွေကို အခု တန်ဖိုးထားတတ်လာတယ်။ အခုဆိုရင် အိမ်ခေါင်မိုးတက်တာဖြစ်ဖြစ်၊ အပြင်ထွက်တာဖြစ်ဖြစ် ရှုရတဲ့လေက အရင်တုန်းကနဲ့ မတူတော့ဘူး။ မိသားစုတွေကို ပိုဂရုစိုက်တတ်လာတယ်၊ စိုးရိမ်တတ်လာတယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကိုလည်း စိုးရိမ်ပေးတတ်လာတယ်။ အရင်တုန်းက သိပ်ကြည့်မရတဲ့ကောင်တွေကိုတောင် ဒီကိစ္စပြီးသွားရင် ပြေးဖက်မိမလား မသိဘူး။ COVID-19 က ကျွန်တော့်အတွက်တော့ တန်ဖိုးတွေကို ပိုသိလာစေပါတယ်” ဆိုပြီးတော့ ဧပြီလ ၇ ရက်နေ့ က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဗီဒီယိုဖိုင်လေးတင်ရင်း ပြောပြခဲ့ပါတယ်။ 

photo: Zen Kyi

ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါကြောင့် စားနပ်ရိက္ခာအတွက် အခက်အခဲ ဖြစ်နေသူတွေ အများကြီးပါပဲ။ ဒါကြောင့် အနုပညာရှင်များကလည်း စားနပ်ရိက္ခာတွေကို တစ်ဖက်တစ်လမ်းက တတ်နိုင်တဲ့ အင်အားနဲ့ လှူဒါန်းနေကြတာကိုလည်း တွေ့ရပါတယ်။ ဇဏ်ခီ တို့ဇနီးမောင်နှံဟာ We Love Yangon ကနေတဆင့် (၁၀၀၀၀) တန် စားနပ်ရိက္ခာ ပက်ကေ့ချ်အဖြစ် အိမ်ထောင်စု (၁၀၀) အတွက် လှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ 

photo: Zen Kyi

မြန်မာနိုင်ငံအတွင်းမှာတော့ COVID-19 ကူးစက်ရောဂါ ခံစားနေရသူ (၂၂)ဦးရှိပြီး သေဆုံးသူကတော့ (၃) ဦးရှိသွားပြီဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို အထူး ဂရုစိုက်စေချင်တယ်လို့လည်း ဇဏ်ခီက အခုလို ပြောပြလာပါတယ်။ 

“ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်နိုင်ဘူးဆိုရင် တစ်ချိန်မှာ ကျွန်တော်တို့နိုင်ငံ ဘာဖြစ်လာမလဲဆိုတာကို တခြားနိုင်ငံတွေကို ကြည့်ခြင်းအားဖြင့် သင်ခန်းစာယူလို့ရတယ်။ သူတို့ဆို ဒီလောက် ပိုက်ဆံတွေ ရှိနေပေမယ့်လည်း မနိုင်ဘူးဖြစ်နေတာပေါ့။ ဒါကြောင့် အခုချိန်မှာ သေချာဂရုတစိုက်ဆောင်ရွက်မယ်ဆိုရင် ဒီကပ်ဘေးကနေ ကျွန်တော်တို့ လွတ်နိုင်ပါတယ်။ မဖြစ်မနေအပြင်ထွက်ရရင်လည်း အကာကွယ်လေးတွေ သေသေချာချာသုံးကြပါ။ COVID-19 က လေကနေတဆင့် ကူးစက်နိုင်တာဖြစ်တဲ့အတွက် Mask တပ်ပါ။ ဒီရောဂါ ရှိလို့ရှိမှန်း မသိတဲ့သူတွေလည်း ရှိသေးတော့ ပိုဂရုစိုက်သင့်တယ်” လို့လည်း ဆက်လက် ပြောပြလာပါသေးတယ်။ 

photo: Zen Kyi

ဇဏ်ခီဟာ မြန်မာပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားချော တစ်ယောက်ပါ။ သူ့ကိုတော့ ‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ‘’မုဒြာခေါ်သံ’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အောင်မြင်မှု များစွာ ရရှိခဲ့ပြန်ပါသေးတယ်။ ဇဏ်ခီဟာ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ခင်ပွန်းဖြစ်ပြီး သားလေးတစ်ယောက် ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးကလည်း ပရိသတ် အားကျရတဲ့ အိမ်ထောင်ရေးစုံတွဲထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း "ထာဝရ နှောင်ကြိုး" ရုပ်ရှင်ဇာတ်ကားထဲက ဇဏ်ခီကိုယ်တိုင်သီဆိုထားတဲ့ ဇာတ်ဝင်တေးသီချင်းကလည်း ပရိသတ်ကြားမှာ ရေပန်းစားလို့နေပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က