နှိုင်းယှဉ်မြင့်မိုရ်ကတော့ အနုပညာအလုပ်လုပ်နေရင်သာ အော်ရင် အော်ပေမယ့် ဈေးရောင်းတဲ့ အခါမှာ သေသေချာချာ ရှင်းပြပေးတယ်လို့ ဆိုပါတယ်။
Photo: Myint moh
သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ် ကတော့ အနုပညာအလုပ်တွေ နားနေရတဲ့ အချိန်မှာ ဈေးရောင်းတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကြောင့်လည်း အရမ်းဝမ်းသာရတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
" အခု COVID-19 ဖြစ်တော့မှ အိမ်မှာနေရင်း ဘာလုပ်ရမှန်း မသိ ဈေးထရောင်းလိုက်မှ နည်းနည်း အဆင်ပြေသွားတာ။ အခုဆိုရင် Live လွှင့်ရင် ဘယ်သူတွေများ ရိုင်းရိုင်းပြောကြမလဲဆိုပြီး သေချာကြည့်တယ်။ ဒါပေမယ့် မပြောကြပါဘူး။ ကိုယ်ဈေးရောင်းတာကို တကယ် အားပေးကြတဲ့သူတွေ ရှိတယ်။ ဒီဟာကကျတော့ အနုပညာအလုပ်နဲ့ မတူတော့ဘူးလေ။ အနုပညာအလုပ်လုပ်ရင်သာ အော်ရင် အော်မယ်။ ဈေးရောင်းတဲ့အခါမှာတော့ ဝယ်သူကို သေသေချာချာလေးရှင်းပြပေးတယ်။ ပရိသတ်နဲ့ တိုက်ရိုက်ပြောရတာ ဖြစ်တဲ့အတွက် ရိုင်းလို့ မရဘူးလေ " လို့ သူကဆိုပါတယ်။
Photo: Myint moh
COVID-19 ကူးစက်ရောဂါကြောင့် အနုပညာရှင်တွေလည်း ဇာတ်ကားရိုက်တွေ နားထားရတာ ဖြစ်ပါတယ်။ ဇာတ်ပို့ ဇာတ်ရံသရုပ်ဆောင်တွေ အနေနဲ့ စုဆောင်းထားတဲ့ ငွေကြေး အများအပြား မရှိတာကြောင့်လည်း ဈေးရောင်းရတာ ဖြစ်တယ်လို့ နှိုင်းယှဉ်မြင့်မိုရ်က ဆိုပါတယ်။
" အလုပ်တွေ ရပ်သွားတဲ့အတွက် အစ်မတို့မှာ ဘာဝင်ငွေမှ မရှိဘူး။ အခု ဈေးရောင်းလို့ရတဲ့ ငွေနဲ့ သူများတွေ စားသလို ကိုယ်တွေလည်း စားနိုင်တယ်။ သူများတွေ နေသလို ကိုယ်လည်းနေနိုင်တယ်။ စိတ်ချလက်ချလေးပေါ့နော်။ ပိုက်ဆံလေးဆိုလည်း ကိုယ့်ပိုက်ဆံ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မြင်နေရတာ စိတ်ချမ်းသာတယ်။ သားလေးက အမေ ဒါစားချင်တယ် ဆိုလည်း ကိုယ်က ဝယ်ပေးနိုင်တယ်ဆိုတဲ့ ခံစားချက်ကြောင့် အရမ်းစိတ်အေးရပါတယ်" လို့ ဆက်လက် ပြောပြလာပါတယ်။
Photo: Myint moh
သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကတော့ လူငယ်အကြိုက် ဒီဇိုင်းခပ်မိုက်မိုက် အဝတ်အစားတွေ၊ ဝမ်းဆက်တွေ အပြင် အိမ်ထောင်ပရိဘောဂ ပစ္စည်းတွေကို Online ကနေ ရောင်းနေတာ ဖြစ်ပါတယ်။ သူမကို ချစ်ခင်လို့ ဝယ်ယူအားပေးကြတဲ့ ပရိသတ်တွေလည်း အများကြီးပါ။ နှိုင်းယှဉ်မြင့်မိုရ်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ဇာတ်ပို့သရုပ်ဆောင် တစ်ဦးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားတော်တော်များများမှာ အမြဲပါဝင်နေကြဖြစ်တဲ့အတွက် ပရိသတ်အားပေးမှုကလည်း ပိုတိုးလာခဲ့ပါတယ်။ သူမ အခုဆိုရင်တော့ ခင်ပွန်းဖြစ်သူ ဇာတ်ပို့သရုပ်ဆောင် ကိုဘင်း နဲ့အတူ သားလေး တစ်ယောက်ပိုင်ဆိုင်ထား တာ တွေ့ရပါတယ်။