ရက်အနည်းမျှအတွင်း COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုနဲ့သေဆုံးမှုတွေ တစ်ဟုန်ထိုး မြင့်တက်လာခဲ့တဲ့ စပိန်နိုင်ငံမှာ ဒေသစံတော်ချိန် မတ်လ ၁၃ ရက် (သောကြာနေ့) မှစပြီး အရေးပေါ်အခြေအနေ စတင်သက်ရောက်မယ်လို့ ဝန်ကြီးချုပ်ပက်ဒရိုဆန်ချက်က ပြောပါတယ်။
(Photo: Anadolu Agency via Getty Images)
လာမယ့် ရက်သတ္တပတ်တွေဟာ အလွန်ခက်ခဲမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က သတိပေးခဲ့ပြီး အစိုးရအနေနဲ့ ဗိုင်းရပ်စ်ကူးစက်မှုကို တိုက်ဖျက်ရန် လိုအပ်သမျှ အားလုံးကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ စပိန်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ တစ်ရက်အတွင်း ၈၄ ဦးမှ ၁၂၂ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။
ထို့အတူ ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေဟာလည်း တစ်ရက်အတွင်း ၁,၃၆၆ ဦး မြင့်တက်လာခဲ့ပြီး မတ်လ ၁၃ ရက်နေ့အထိ စာရင်းတွေအရ ၄,၃၃၄ ဦးအထိ ရှိလာပါတယ်။ လာမယ့် သီတင်းပတ်အတွင်း စပိန်မှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀,၀၀၀ အထိ ရှိလာနိုင်ကြောင်း ဝန်ကြီးချုပ်ဆန်ချက်က ပြောပါတယ်။ စပိန်နိုင်ငံမှာ အရေးပေါ်အခြေအနေ သတ်မှတ်ကြေညာပါက အစိုးရအနေနဲ့ ကျယ်ပြန့်တဲ့ စီမံဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
(Photo: EPA)
၎င်းတို့အနက် ပြည်သူလူထု သို့မဟုတ် မော်တော်ယာဥ် အသွားအလာကို ကန့်သတ်ခြင်း၊ ရွှေ့ပြောင်းမိန့်ထုတ်ပြန်ခြင်း၊ သတ်မှတ်ထားတဲ့ နယ်မြေ သို့မဟုတ် နေရာများသို့ သွားလာခွင့် ပိတ်ပင်ခြင်း၊ စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေး နယ်မြေများအတွင်း ဝင်ရောက်ခြင်းကဲ့သို့ စီမံဆောင်ရွက်မှုတွေ ပါဝင်ပါတယ်။
လက်ရှိမှာ ဗိုင်းရပ်စ်ကူးစက်မှုကို တုံ့ပြန်ဆောင်ရွက်မှုအဖြစ် ဥရောပနယ်စပ်များကို ထိန်းချုပ်မှုတွေ လုပ်ဆောင်နေကြပါတယ်။ ဥရောပမှာ အီတလီနိုင်ငံဟာ တရုတ်ပြည်မကြီးပြီးလျှင် ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်ပွားနေပါတယ်။
(Photo: Anadolu Agency via Getty Images)
အခြား ဥရောပနိုင်ငံတွေဖြစ်တဲ့ စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင် အစရှိတဲ့ နိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေပါတယ်။ မတ်လ ၁၃ ရက် ညပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃၉,၄၇၀ ဦးနဲ့ သေဆုံးသူ ၅,၁၁၃ ဦးရှိလာပြီး ပြန်လည်သက်သာသွားသူ ၆၉,၇၇၉ ဦးရှိကြောင်း သိရပါတယ်။
ယမန်နှစ် ဒီဇင်ဘာလလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ရောဂါကို ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားတဲ့ ကူးစက်မြန်ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က မတ်လ ၁၁ ရက်မှာ သတ်မှတ်လိုက်ပါတယ်။