ကိုယ်လိုချင်တဲ့ ပန်းတိုင်မရောက်မချင်း ကြိုးစားသွားမယ်။

အုပ်စိုးခန့် ကတော့ တရုတ်နဲ့ ထိုင်းတို့မှာ အနုပညာလှုပ်ရှားမှုတွေလုပ်ဖို့ ပြင်ဆင်ထားပေမယ့် COVID-19 ကြောင့် အလုပ်တွေ ရပ်နားထားတယ်လို့ ဆိုပါတယ်။ 

Photo: Oaksoe Khant



တက်သစ်စ အဆိုတော်တစ်ယောက်လည်းဖြစ်၊ သရုပ်ဆောင်အလုပ်တွေပါ လုပ်နေရပြီဖြစ်တဲ့ အုပ်စိုးခန့်ကတော့ အနုပညာအလုပ်အပေါ်ထားတဲ့ ရည်မှန်းချက်တွေကို Duwun Media ကနေ ပြောပြလာပါတယ်။ 

" ကျွန်တော်သွားချင်တဲ့ ပန်းတိုင် မရောက်မချင်းတော့ မကျေနပ်သေးဘူး။ အခုလည်း မကျေနပ်နိုင်သေးပါဘူး။ ကျွန်တော့်ရဲ့ ခံယူချက်က ပြည်တွင်းအလုပ်လုပ်ရင်း ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ပြီဆိုရင် ပြည်ပ အနုပညာအလုပ်ကို ထပ်ပြီးတော့ ခြေလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။ ပြည်ပနိုင်ငံက အနုပညာရှင်တွေနဲ့ အလုပ်တွဲလုပ်ရတာကလည်း ပေါ့သေးသေးတော့ မရဘူးခင်ဗျ။ ပိုကြိုးစားရမယ်၊ အချိန်လေးစားမှုတွေ၊ ကိုယ့်အလုပ်နဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အတွေးအခေါ်တွေ စဉ်းစားနိုင်မှုလည်း အများကြီး လိုအပ်မယ်လို့ ထင်တယ်” ဆိုပြီးတော့ မတ်လ ၂၁ ရက်နေ့က Shwe Series မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Oaksoe Khant

အုပ်စိုးခန့်ဟာ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာလည်း သူ့ရဲ့ အနုပညာအလုပ်တွေကို တဖြေးဖြေးချပြသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ COVID-19 ရောဂါ ကာကွယ်မှုအနေနဲ့ အိမ်မှာပဲ နေတယ်လို့ သူက ဆိုပါတယ်။ 

" ထိုင်းနိုင်ငံက ပရိသတ် တချို့လောက်ပဲ ကျွန်တော့်ကို သိကြတာပါ။ ဒီ့ထက်ပိုပြီးတော့ လူသိအောင် ကျွန်တော့်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဘန်ကောက်က ပရိသတ်တွေ သိအောင်လို့ ကုမ္ပဏီတစ်ခုနဲ့ စာချုပ် ချုပ်ဖို့လည်း လုပ်နေပါတယ်။ ပြီးတော့ တရုတ်နိုင်ငံမှာလည်း ဇာတ်ကားရိုက်ဖို့ ရှိသေးတယ်။ ဒါပေမယ့် အခုက ဒီ ဝူဟန် ကြောင့်ပဲ အခု ပြန်အဆင်ပြေလာမယ့် အချိန်ကို စောင့်နေရတာပါ" လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Oaksoe Khant

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကြောင့် သေဆုံးသွား တဲ့ လူဦးရေတွေက အများကြီးရှိ လို့နေပါပြီ။ နိုင်ငံတော်တော်များများမှာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေ 

ကိုလည်း ဝင်ခွင့်၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီ ပိတ်ထားရတယ်လို့ သိရပါတယ်။ အနုပညာရှင်များကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။

Photo: Amazing Grace

အုပ်စိုးခန့်ကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သီချင်းတွေ သီဆိုရင်းက တဆင့် ပရိသတ်တွေအားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ကိုယ်ပိုင်သီချင်းများစွာလည်း သီဆိုခဲ့ဖူးသူပါ။ ပရိသတ်တွေ ပိုပြီးသတိထားမိစေခဲ့တာကတော့ သရုပ်ဆောင် ယွန်းယွန်းနဲ့ရိုက်ကူးထားတဲ့ ‘’တန်ခူးမေ’’ ဆိုတဲ့ သီချင်းလေးကိုလည်း ပရိသတ်တွေအများကြီး အားပေးခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ချစ်နေပြီ’’ ဆိုတဲ့ Album လေးကလည်း အောင်မြင်မှုတွေ အများကြီးရရှိခဲ့ပါသေးတယ်။





ဆက်စပ်အကြောင်းအရာများ

Share

က္က